အလွမ်းတွေ ခမ်းခြောက်သွားတဲ့ သစ်ပင် – နရီထက်
ငါ မျက်ရည်တွေ ကျနေတယ်
သူတို့က မိုးရည်တွေ ကျနေတာတဲ့
ငါ့ စိမ်းလန်းဖို့ရယ်တဲ့. . .
ငါ့ စိတ်သစ်ရွက်တွေ ရွက်ကြွေလို့
ဝေးလွင့်နေတယ်
သူတို့က ပြောကြတယ်
နွေရောက်လို့ ရွက်သစ်လောင်းတာပါတဲ့
လေပြင်းတိုက်လို့
ငါ့ရဲ့ ရေသောက်မြစ်တွေ
လွင့်ပြယ်ပြတ်ထွက်မသွားအောင်
မြေဆွေးတွေကို ကုတ်ဆွဲ တွယ်ငြိနေခဲ့တယ်
သူတို့က တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်တဲ့
ငါ လေး သူတို့ကို အရိပ်တွေလည်း ပေးခဲ့တယ်
ငါ ကျောခုံး ပင်မနှင့်ထောက်လို့
မားမားမတ်မတ်လည်း ရပ်တည်ခဲ့တယ်
တစ်ခါတစ်လေကျရင် သူတို့က
ငါကြောင့် သူတို့ နေစက်ပေါက်လေးတွေ
ကျရောက်ခံရတယ်တဲ့. . .
ငါလေး မချိတင်ခဲပါဘဲ
ရင်ထဲမှာ သွေးကြော နှလုံးတွေ
အပြင်ကို ယိုစီးမထွက်အောင်
အမြဲစိမ်းလန်းတဲ့ အစိမ်းရောင်နှင့်
ကာကွယ်ခဲ့ပါတယ်
သူတို့ ကြိုက်နှစ်သက်မဲ့ အေးမြတဲ့
အစိမ်းရောင်လန်းဆန်းခြင်းတွေနှင့်ပေါ့
ငါ ခေါင်းပေါ်မှာ နေမင်းက
တည့်တည့်ကြီး နေရာယူလာရင်တောင်
သူတို့ကို မပူလောင်စေချင်ရပါဘူး
ငါ ကိုယ်တိုင် အရည်ပျော်ကျသွားရင်တောင်
ရွက်ကျပင်ပေါက်အဖြစ်နှင့်
သူတို့အတွက် ရှင်သန်ပေးစေချင်တာပါ
နွယ်တက်တွေ ငါကို ရစ်ပတ်
ချည်နှောင်ထားရင်တောင်
ငါလေး သူတို့ကို ပစ်မထားပါဘူး
နဂိုမူလနေရာကလေးမှာပဲ
ငါ မားမားမတ်မတ် ရပ်တည်နေပေးမှာပါ
ငါ ဆိုတဲ့ အလွမ်းသစ်ပင်ကောင်က
မျက်ရည်တွေ ဆို့နင့်နေလို့
အလွမ်းတွေကို ရေသောက်မြစ်အဖြစ်
မျှောလိုက်မယ်…
သူတို့အတွက် ဆက်ရှင်သန်ဖို့ပါ
သူတို့က. . . ငါ့ မောင်နှမတွေပေါ့။ ။
နရီထက်
( ၀၄ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #2
ငါ ခေါင်းပေါ်မှာ နေမင်းက
တည့်တည့်ကြီး နေရာယူလာရင်တောင်
သူတို့ကို မပူလောင်စေချင်ဘူး
ငါ ကိုယ်တိုင် အရည်ပျော်ကျသွားရင်တောင်
ရွက်ကျပင်ပေါက်အဖြစ်နှင့်
သူတို့အတွက် ရှင်သန်ပေးစေချင်တာပါ
ကောင်းလိုက်တဲ့စာသားလေးပါပဲ..
Comment #1
…………………..
i love this poem