မိုးနည်း ရပ်ဝန်း
နေ့နဲ့ ည ပေါင်ကူးကိုက ခက်ခဲလွန်းတာလား
ကြွယ်ဝတဲ့ သယံဇာတဆိုလို့
လှုပ်လီလှုပ်လဲ့ ကဗျာတွေရယ်
အမိုးမလုံတဲ့ အကာမဲ့တဲ့ ကြမ်းခင်းမခိုင်တဲ့
ယိုင်နဲ့ နဲ့ အိမ်လေး တစ်လုံးရယ်….။
အချစ်ကို အခက်ခဲ ဆုံးတူးဖော်ကြည့်တယ်
အနက်ရှိုင်း ဆုံး ရောက်ရှိခဲ့တယ်
လေးနက်မှု တစ်စုံတစ်ရာရဲ့
ချုပ်ရိုးပြေ လာတဲ့ ဖာထေးတွဲသီလာသမျှ
သစ္စာတရားလေးလဲ နွမ်း…ရိ….ဆုတ်…ပြဲ
အမေရယ်….
သားမှာ ဆင့်ကဲ ဖြစ်စဉ်တွေ များလွန်းလှတယ် ။
အမွှေးဆုံး ပွင့်တဲ့ ပန်း
လေပြေကို ထိုးခွဲလို့ လတ်ဆတ်ကြသတဲ့
လင်းပွင့် လှတဲ့ ရောင်နီဦးမှာ
အဖူအငုံလေး ပွင့်လန်းလာပုံမျိုး
သားမှာ….
အဆုံးအရှုံးတွေ အဆုပ်လိုက် အဆုတ်လိုက်
အကိုင်း တွေ လဲ ညွှတ်လို့ဝေနေပြီလေ။
ပွင့်အန် ထွက်လာသမျှ…
ပြန်ပြန် မျိုချနေရတာကလည်း
သားရဲ့ စိတ်အနုအိမ်မှာ
ဒဏ်ရာအနာတရတွေ ဖြစ်ထွန်းစေပါတယ်..အမေ ။
မိုးနည်းရပ်ဝန်းမှာ …
သား… မျက်ရည်တွေနဲ့ စိမ်းလန်းဖို့
ချစ်ခြင်းတရားနဲ့
မြေဆီလွှာတွေ ဖြန့်ခင်း ကျဲပက်
ကမ္ဘာမြေကို ထွန်ယက်ပါရစေလား…အမေ ။ ။
မိုးသစ်ညို
Comment #1
အရမ်းကောင်းပါတယ်ဆိုတဲ့ စကားလုံးထက် ပိုလေးနက်ရှိရင် ပြောချင်ပါတယ်ဗျာ..
ခံစားချက်ရေ တင်ပြချက်ရော အရမ်းကို ကောင်းလွန်းပါတယ်ဗျာ….