ကျိန်စာမြေတလင်း – နရီထက်
သည်မြေကို နင်းလှမ်းစကတည်းက
အပူမီးဝိုင်းတွေ ထိုးနှက်နေကြတယ်
ဒုက္ခဆိုတာ စိမ်ခေါ်စိတ်နှင့်
ရင်ကော့ကာ ခါးစည်းခံခဲ့တယ်
မနိုင်မယိုင်မလဲလေးလောက်ပါပဲ
ခွဲခွာရဖန်များလားလို့
မတွေးမိစဉ်အချိန်မှာ
သည်မြေက ငါကို ငိုတတ်အောင်
မန်းမှုတ်လိုက်တယ်…
ဆုံးရှုံးစရာ မကြားသာ
ရင်ဆိုင်လက်ခံချိန်မှာ
တကယ်ပါလို့…
ငါ့ရင်ဘတ်ကို ပွတ်သပ်ကြေမွပြီး
သိစိတ်တွေကို အတင်းယုံခိုင်းခဲ့တယ်
သည်မြေက အတင်းကျိန်စာတိုက်တော့
ငါလေ သည်းခံစိတ်တွေ
တစ်ချက်တစ်ချက် ပျောက်ခဲ့တယ်
ဒေါသစိတ်တွေ မီးခိုးငွေ့လို
တရိပ်ရိပ်တလွင့်လွင့် ထခဲ့တယ်
မျိုသိပ်ပြန်ရ ငါ့ဒေါသ
ကြိမ်ဖန်မနည်း ကြိုးစားခဲ့ရတယ်
သည်မြေမှာ လမ်းလျှောက်စဉ်
လမ်းပျောက်ခဲ့တာ မနည်းပါဘူး
အပြာရောင် သံစဉ်တွေ
ဝေး ဝေး နေသလိုပါပဲ
အိုး. အို သည်မြေက
ကျိန်စာ တစ်သင်းတွေ…
အသပြာငွေရောင်အိမ်မက်လမ်း
ရောက်မလိုလိုနဲ့
နောက်ကျနေခဲ့အောင်
ငါ့ခြေထောက်တွေကို ကျိုးပဲ့သွားအောင်
သည်မြေမှုန့်တွေက
ကျိန်စာ တိုက်နေကြတယ်
လိုက်မမှီတဲ့ အက္ခရာစဉ်
လိုက်ရှာနေတဲ့ အဆက်အဆက်
လျှို့ဝှက် ကျောက်တံခါးတွေနဲ့
ဝင်လိုက် ထွက်လိုက်
အခန်းလှည့်ကွက်တွေကြား
အပေါ်အောက်တက်ဆင်း ကျပြန်သေးတယ်
ကျိန်စာသံ ရဲ့ရဲ့လေးတွေ
နောက်ကနေ လိုက်နေကြအတိုင်းပဲ…
စည်းချက်တွေ ထိန်းခဲ့တယ်
ဇွဲကိုလည်း ရင်းခဲ့တယ်
မြေပုံတစ်ခြမ်းနှင့် စုပ်ပြတ်သပ်နေတဲ့
စာရွက်အနွမ်းပျက်တွေနှင့်
သည်ခရီးကို ဆက်သွားနေတုန်းပါပဲ
နောက်ကနေလည်း
ကျိန်စာသင့်နေတဲ့ မြေတလင်းကလည်း
ငါကို နှောင့်ယှက်နေတုန်းပဲ…။ ။
နရီထက်
( ၁၉ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #2
ကျေးဇူးပါ
ညီမလေး မြင့်မိုရ်
Comment #4
စည်းချက်တွေ ထိန်းခဲ့တယ်
ဇွဲကိုလည်း ရင်းခဲ့တယ်
မြေပုံတစ်ခြမ်းနှင့် စုပ်ပြတ်သပ်နေတဲ့
စာရွက်အနွမ်းပျက်တွေနှင့်
သည်ခရီးကို ဆက်သွားနေတုန်းပါပဲ……
အားပေးနေပါတယ်……အကို နရီရေ……
Comment #6
ကျေးဇူးပါ… တောင်ပံမဲ့လိပ်ပြာရေ…
Comment #1
အရမ်းကိုကောင်းတယ်အကိုကြီး