ရှိရင်းစွဲ ဘူမိသွင်ပြင်များအပေါ်အကြီးစားဆောက်လုပ်ရေးစီမံကိန်းများ၏ အကျိုးသက်ရောက်မှု (ဇေယျာလင်း)
လေ့လာတွေ့ရှိချက် (ကိစ္စပြီးသွားမှ)(၁)။
မြေဆွဲအားကြောင့်တစ်စောင်း
လျှောကျသွားခြင်းဒဏ်ကို ခံနိုင်ရည်မရှိသော (အဟမ်း ………. အဟမ်း)
သက်နုတွန့် ခေါက်ထုံးကျောက်တုံးများ
အသက်ရှင်ရေးကို ပျင်းရိပျင်းတွဲ အချိန်ဆွဲနေရသလို
အသက်ရှင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ
လွန်ပူနဲ့ ဖောက်ထားတဲ့တွင်းနက်တွေ
နာရီကြည့်ဖို့ ဘယ်ဘက်, မ, လိုက်တာ ညာခြေကညွတ်ကျသွားတယ်လို့ကွယ်
လူမှုဆိုင်ရာ၊ ရသဆိုင်ရာ ၀ါစင်္ဂဆိုင်ရာ (ရှစ်ပါး ? ကိုးပါး?)
နည်းပညာဆိုင်ရာ တစ်နာရီတစ်လက်မနှုန်းတွားသွားရတဲ့
ယာဉ်ကြောပိတ်ဆို့မှု၊
“ဟုတ်ကဲ့ပါခင်ဗျာ၊ ရှေ့ကလေးစားရပါသော အသိပညာနယ်ပယ်ကြီးတစ်ခြမ်း
လမ်းဘေးဆင်းရပ်ပေးစေလိုပါတယ်ခင်ဗျာ၊ ဟုတ်ကဲ့ခင်ဗျာ၊ ရှေ့ကအသိပညာ …”
ငလျင်မလှုပ်ခင်အချိန်၊ နေရာ၊ ပြင်းအားကြိုတင်သိရှိရန်
စိတ်ချယုံကြည်အားကိုးထိုက်သော နည်းစနစ်များ (ရှိ၊မရှိ)
မြိုသိပ်ထားတဲ့ လူတစ်ယောက်ရဲ့ ခရစ်စတေးရှင်းအခွံမာ
(ခရတ်စတေးရှင်း = အခွံမာရှိသော ကဏန်း၊ ပုဇွန် စသည်ပါဝင်သော
ရေသတ္ဆ၀ါမျိုးပေါင်း၊ အခွံမာရေသတ္တ၀ါ)
မာကျောသော မျက်နှာပြင်၊ အထူးသဖြင့် ကမ္ဘာမြေကြီး၏ အပေါ်ယံအလွှာ
ရုန်းခြင်းကို အာရုံပါးသော အပေါ်ယံလွှာကျောက်သားများ၏
လျှပ်စစ်နှင့် သံလိုက်သတ္တိများ
အများဆိုင်အဆောက်အဦးတစ်ခုရဲ့ အမိုးပြားကနေ
သဏ္ဍာန်မည်းကြီးတစ်ခု အော်လံသံနက်ကြီးတွေ တခဲနက် သွန်းလောင်းချ
ကျောပေးထားတဲ့ ကောင်းကင်နောက်ခံမှာ အစာခြေနှုန်း (၀ါ)
အစာချက်နှုန်း (၀ါ) အစာမှ စွမ်းအင်ပြောင်းနှုန်း မတူကြတဲ့ တိမ်မည်းတွေ
ပရိသတ်ဟာလည်း
“ဟုတ်ကဲ့၊ အဲဒါပြီးရင် ပညာရပ်ဆိုင်ရာ အဘိဓာန်တွေ၊ ဒဏ္ဍာရီတွေ
အံ့မခန်းလူစွမ်းကောင်းရာဇ၀င်တွေ၊ ဇီဝနည်းပညာတွေ၊ စနစ်တကျ ရွှေ့ပေးကြပါရန်”
ခွေးများပတ်ခြာလည်၍ အူခြင်းရှေ့ပြေးနိမိတ်
ဇာတ်ရုံထဲမှ မီးများကို မှိန်လိုက်သည်
အလျား၊ အနံ၊ ထု သုံးဘက်မြင်ရုပ်လုံးကြွလာတော့မည့် သဏ္ဍာန်
ကုဗမီတာသန်း ၂၅၀ ရှိ ရေနံရံကြီးရွေ့လာပုံ
အရောင်တွေအကြောင်း ကျွန်တော်ထည့်ပြောပြီးပါပြီလား
အရောင်တွေအကြောင်း ကျွန်တော်ထည့်မပြောရသေးပါ
ဟေ့ကောင်၊ မင်းငါ့ကိုစောင်းပြောနေတာလား
ငါက မင်းမမွေးခင်ကတည်းက မူလအရောင်စစ်စစ်ကွ
သြော်…အားလုံးဟာ သင်္ကာမကင်း မသင်္ကာဘွယ်ရာတွေချည်းလား
အနိစ္စ
အင်းဆက်ပိုးတွေဟာလည်း စစ်တပ်သူလျှိုတွေလို့ ခြင်အရိုက်မှာ
သိလိုက်ရ
လေ့လာတွေ့ရှိချက် (ဟုတ်ကဲ့)၂။ ။ ခုနှစ်နှစ်ကြာတည်ဆောက်ခဲ့သော
ရေကာတာ၊ ခုနစ်မိနစ်အတွင်းပြိုကျသွား ကီလိုမီတာ ၂၀ အကွာအဝေးအထိ
ရေလှိုင်းလုံးကြီးဟာ မီတာ ၅၀ အမြင့်ရှိ (အထောက်အထားများ)
“ဟုတ်ကဲ့၊ လမ်းရှင်းပေးပါ ခင်ဗျာ၊ ဟိုတောအုပ်ကြီးတစ်ခုလုံး
ခေတ္တဘေးဆင်းရပ်ပေးပါ၊ အဲဒီမြေပုံကားချပ်ကြီး
တစ်ခြမ်းလောက်လိပ်ပေးလိုက်ပါလား၊ ဟုတ်ကဲ့ပါ၊”
“အန်ဒရိုမီဒါကြယ်တာရာစုကြီး၊ ဥာဏ်သစ်လောင်းအရေးတော်ပုံ
စက်မှုတော်လှန်ရေးရဲ့ အန္တာတိကရေခဲတိုက်ကြီးတွေ၊ ယုံကြည်မှု
ထဲက အာဖရိက ကွက်လပ်မည်းကြီးတွေ ဘေးဖယ်ပေးပါ ဘေးဖယ်ပေးကြပါ”
ရေစိမ်ထုံးကျောက်မျက်နှာပြင်က အက်ကြောင်းများ
ကံကြမ္မာ ဟင်းချို(ပေါ့ရွှတ်) ကိုယောက်ချိုပဲ့ဖြင့် တိုက်ကျွေးခြင်းများ
ကျွန်တော်ဒီကိစ္စကို ပေါ့ပြက်ပြက်သဘောထားပါသလား
ကျွန်တော်ဒီကိစ္စကို ပေါ့ပြက်ပြက်သဘောထားဟန်မတွေ့ရပါ
အချိန်အခါမဟုတ်မိုးရဲ့ ဒလဟောကြောင့်
သဘာဝအလျောက် မြေမြင့်လာပုံတိုင်းတာတွက်ချက်သည့် စခန်းများပါသွား
မိမိတို့ ဘယ်လိုခံစားပုံ၊ မိမိတို့ ဘယ်လိုနားလည်သဘောပေါက်ပုံ၊
မိမိတို့ လက်ခံကျင့်သုံးပုံ အားလုံးအပေါ်သြဇာအရိပ်ညောင်း
ဖြတ်သွားတဲ့သင့်ကို လမ်းဘေးဆင်းရပ်ပေးတဲ့
သင်က သင့်ကို သင်သစ္စာရှိကြောင်းသင်ကိုယ်တိုင်
သင့်အားသင် သင့်တင့်လျောက်ပတ်စွာ သက်သေပြလိုက်ခဲ့ပြီပေါ့
စက္ကူ အလံလေးတစ်ကိုင်ကိုင်
မိမိကို မိမိတဝေ့ဝေ့
မိုးထဲအရည်ပျော်ကျနေတဲ့ မိမိရွှံ့ရုပ်နဲ့ မိမိ
အချိန်တိုအတွင်းတောင့်တင်းခိုင်မာမှု လျော့နည်းသွားနိုင်တဲ့
ထင်မိယုံရာ မြေပျော့မှာတည်ဆောက်မှုမျိုးနဲ့
၁၉၅၆၊မတ်လ ၃၁
မြစ်ရဲ့ညာဘက်ကမ်းတစ်ခုလုံးရွေ့နေပြီလို့ သတင်းရ
လုပ်အားခအငြင်းပွားမှုများ စက်ချို့ယွင်းမှု အခက်အခဲများ
၄၇၅ မီလီမီတာအထိ ညွတ်ကွေးသွားသော ဘာသာစကားတံတား
ချေဂွေးဗားရားတီရှပ်အခန့်သားဝတ်ထားတဲ့ ခြေခွင်လဲကျမှုများ
တံတား၏ အတွင်းယက်မများမှ ကျိုးပဲ့သွားသော မူလီခေါင်းများ
ယာယီ တည်နေရာရပ်ညွှန်းမှာ ရင်ဘတ်ပေါ် ၀န်အလေးပိခြင်းများ
“ဟုတ်ကဲ့ပါခင်ဗျာ၊ လမ်းရှင်းပေးပါခင်ဗျာ၊ညွတ်ကိုင်း
ကျလာတဲ့ တံတားများဘေးဆင်းရပ်ပါခင်ဗျာ၊ အနာဂတ္တ
ကျမ်းကိုင်အတိတ်စွဲရပ်ကွက်များ၊ လမ်းများ၊ရောဂါများ
မုခ်ဦးဝင် ကွန်ကရိမျက်နှာစာ တအိအိအက်လာခြင်းများ၊ ရာသီဥတုများ
ဟုတ်ကဲ့ပါခင်ဗျာ၊ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ဟုတ်ကဲ့ပါခင်ဗျာ
ဘေးဖယ်ပေးပါခင်ဗျာ၊လမ်းဘေးဆင်းရပ်ပေးပါခင်ဗျာ
ဟုတ်ကဲ့ပါခင်ဗျာ” ။
ဇေယျာလင်း
၇၊မတ်လ ၂၀၀၇
ကဗျာဆရာ ဇေယျာလင်း ရဲ့ “၂၀၀၇ ဇေယျာလင်း” ဆိုတဲ့ ကဗျာစာအုပ်ကပါ။ pdf ကို ဒီနေရာမှာ download ချပါတယ်။
Comment #2
လေးစားရသော ဆရာတွေထဲ သူလည်းပါတယ်။
Comment #1
ခုနှစ်နှစ်ကြာတည်ဆောက်ခဲ့သော
ရေကာတာ၊ ခုနစ်မိနစ်အတွင်းပြိုကျသွား ကီလိုမီတာ ၂၀ အကွာအဝေးအထိ
ရေလှိုင်းလုံးကြီးဟာ မီတာ ၅၀ အမြင့်ရှိ (အထောက်အထားများ)
“ဟုတ်ကဲ့၊ လမ်းရှင်းပေးပါ ခင်ဗျာ၊ ဟိုတောအုပ်ကြီးတစ်ခုလုံး
ခေတ္တဘေးဆင်းရပ်ပေးပါ၊ အဲဒီမြေပုံကားချပ်ကြီး
တစ်ခြမ်းလောက်လိပ်ပေးလိုက်ပါလား၊ ဟုတ်ကဲ့ပါ၊”