ဘ၀အတုရဲ့ငြိတွယ်ခြင်းသံစဉ်
– မထင်မှတ်မှုတစ်ခုက စတင်ခဲ့
အဲဒီအဖြစ်အပျက်ကြောင့်ပေါ့ ၊
တွေးလိုက်တိုင်း မြင်ယောင်နေခဲ့တာ
အခုခေတ်စားနေတဲ့ 3D ရုပ်ရှင်လည်းမဟုတ်၊
ပုံစံမျိုးစုံခြယ်သနေတဲ့ မော်ဒယ်လ် တစ်ချို့ရဲ့
မျက်ဝန်းအမည်းတွေထက်တော့
ပေါ်လွင်ထင်ရှားမှု မဆိုသလောက်ရှိမယ်
ဟို — ကဗျာဆရာစကားကိုးကားပြောရရင်
( ပါးပါးလေးပါ ———— အဲဒီမှာ ငါတို့စတွေ့ခဲ့ကြပြီ ) !
– အားရှိသရွေ့ဖြည့်ဆည်းပေးခဲ့
တစ်ယောက်စီရဲ့အခက်အခဲများအတွက်
တစ်ယောက်နဲ့တစ်ယောက်
စစ်မှန်စွာ၊ ခိုင်မြဲစွာ
ယိုင်လဲခြင်းဆိုတာကို အန်တု
ဒီလိုနဲ့ပဲအကောင်းအဆိုးအားလုံးကို
Cafe Blue ရဲ့ မနက်ခင်းမုန့်ဟင်းခါးထဲ ဘူးသီးကြော်နဲ့အတူ ထည့်သောက်ခဲ့
ညနေခင်းတစ်ချို့ရဲ့ Nes ပလိန်းကော်ဖီထဲ ပျော်ဝင်စေခဲ့ ၊
အဖော်မင်တဲ့ သူ့အတွက်
ငါ့ပုခုံးက အမြဲတမ်း ကွက်လပ် ဆိုတာ
အမှား အမှန်ရောထွေးနေတဲ့ ပုစ္ဆာတစ်ပုဒ်က သိတယ် !
– ညိတွယ်မိသူရဲ့ အပြစ်လို့ဆိုရင်တောင်
အဲဒီအရာက သမရိုးကျမဆန်ဘူး
အကြံထူးနေခဲ့သူ့စိတ်ကူးက
ငါ့အတွက် ဇာတ်လမ်းများစွာမွေးထုတ်ပေးခဲ့
မန္တလေးတက္ကသိုလ်အဟောင်းထဲက Ruby Cafe မှာပေါ့ ၊
” ကြည်သာရွှင်ပျချင်ရင်အသီးဖျော်ရည်သောက်” တဲ့
ဘာမှမဆိုင်ပေမယ့် ရူးကြောင်ကြောင်သူ့အဆိုနဲ့ဘဲ
မန္တလေးမြို့ရဲ့ ကျုံးဘေးအအေးဆိုင်တန်းမှာ
ထောပတ်သီးဖျော်ရည် စွဲလမ်းခဲ့တာ
အမြဲမပြတ်လည်ပတ်နေတဲ့ ကမ္ဘာကြီးရဲ့စက်ဝန်းကသိတယ် !
– တစ်နေ့တစ်နေ့ အသုံးစရိတ်အတွက်
လိုသလောက်ထုတ်ပေးနေခဲ့ သူ့အိပ်ကပ်က
နှစ်ယောက်လုံးအတွက် လိုတရအဆောင် ၊
အမှန်တရားရှိပေမယ့် ကွဲလွဲခဲ့
သဘောတရားတစ်ခုက အကြောင်းအရာရဲ့နိဒါန်းမှာ
ဒဏ်ရာများစွာနဲ့ စကားဆိုပြီးနောက်
ငါ့မွေးနေ့မှာ ဖိနပ်လက်ဆောင်ပေးရင်း သူ ဒူးထောက်ခဲ့တာ
ကိုင်နေကျ သူ့ Giordano အိတ်ကလေးကသိတယ် !
– ဖြစ်လွယ်၊ ပျက်လွယ်
မမြဲမြံတဲ့ လောကဓံတရားထဲ
ငါရော သူရော
ရုတ်တရက် ပျောက်ကွယ်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ၊
အဲဒီလိုနဲ့ပဲ မကြာမကြာဆွေးနွေးဖြစ်ခဲ့
အကြောင်းအရာမျိုးစုံခေါင်းစဉ်အောက်
သေခြင်းတရားဆိုတာလည်းပါဝင်လာခဲ့၊
ဘာပြီးရင် ဘာလာမယ်မသိတဲ့ ဘ၀ရဲ့ပြဌာန်းချက်အသစ်တွေ နေရာယူခဲ့၊
Data မတူပေမယ့် ဝေဒနာတစ်ခုအတွက်
နှစ်ယောက်လုံး အညံ့ခံခဲ့တာလည်း
Unison ကဖီးရဲ့ အပေါ်ထပ်၊ သီးသန့်အခန်းလေးတွေရဲ့
လွမ်းမောဖွယ်ညဦးပိုင်းအချိန်က သိတယ် !
– ဖြစ်တည်ခွင့် မရှိမှန်းသေချာပြီးနောက်
ထိရောက်အောင်ထိန်းချုပ်နေတတ်ခဲ့
စိတ်ရဲ့စေစားရာကလည်း အလေးသာနေတုန်း၊
အဝေးကွာဆုံးအခြေအနေရောက်တောင်
သူ့ရင်ထဲ နေရာတစ်ခုနဲ့ ငါ ရှိနေမယ် —
ကတိတွေ အထပ်ထပ်မထားကြပေမယ့်
မျက်ဝန်းနှစ်စုံရဲ့ နားလည်မှုက စာချုပ်တွေချုပ်ဆိုနေခဲ့
သူ ပြောတဲ့အတိုင်း ထိလွယ်၊ ရှလွယ်သာဆို
သူငယ်ချင်းရေ ————–!
[ နားထောင်စမ်းပါ !]
” မင်းအပေါ်ထားတဲ့ ငါ့ရဲ့သံယောဇဉ်ကို မင်းအတွက်ရေးတဲ့ ဟောဒီကဗျာလေးက သိတယ် ” !
ရွှေကိုယ်နတ်
1.11.2010 – MON
9 : 45 AM
## [ အချစ်ဆုံးဖြစ်သော ၊ အရာရာအတွက် ကူညီကောင်းမွန်ခဲ့သော
ရင်ဘတ်ထဲမှ သံယောဇဉ်အရှိဆုံး သူငယ်ချင်းတစ်ယောက်အတွက်
အမှတ်တရ ရေးဖွဲ့အပ်ပါသည် ] !
Comment #1
shweKoNat ၇ဲ့ သူငယ်ချင်း ဒီကဗျာကို တွေ့ စေသား။