ရာသီဥတုဆိုး(၂) (မင်းခိုက်စိုးစန်)
(၁)
စိတ်တွေကို နေဝင်မီးငြိမ်း
မင်းရဲ့ ရယ်သံတွေကို
နေ့ဖို့ ညစာ သိမ်းဆည်းလို့
… ငါ ပြန်ခဲ့တယ်။
(၂)
ဘဝမှာ
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေ များလွန်းတယ်။
… ကောင်မလေးရေ “မင်္ဂလာပါ”
မင်းကို ငါ
လူမှားခဲ့ပါသလား။
(၃)
တစ်ချို့လူတွေက…
ပန်းပွင့်တွေကို ခူးခူးပြီး
နောက်ဘဝအတွက် ဆုတောင်းတယ်။
ငါကတော့…
ပစ္စုပ္ပန်မှာ
သူတို့ခူးဘို့ ပန်းတွေကို စိုက်တယ်။
ငါ့ရဲ့ ချစ်လှစွာသော အမိုက်အမဲ မလေးရေ…
မင်းကတော့ နားလည်လိမ့်မယ် မဟုတ်ပေဘူး။
(၄)
ငါဟာ ဧည့်သည်ပါ။
အိမ်ရှင်ရဲ့ ကျေးဇူးကို အောက်မေ့တတ်တဲ့ ဧည့်သည်ပါ။
…
အမြှုပ်တွေ ထ…ထပြရတာကို
မသာယာခဲ့ပါဘူး။
ဘဝဆိုတာ ဘီယာတစ်ခွက်မှ မဟုတ်ဘဲကွယ်။
(၅)
ငါ စိုက်ခဲ့တဲ့ ပန်းပွင့်က
ရနံ့တစ်ခု လွှင့်လာတယ်…
အဲဒီ ရနံ့ရဲ့ နာမည်က “အလွမ်း” တဲ့။
ဘယ်လို နွေရာသီဆိုးက မန်းမှုတ်လို့
ငါ့ ဥယျာဉ်ဟာ အပုပ်သိုး မြန်ခဲ့ရသလဲ?
(၆)
ကောင်မလေးရေ …
မင်းကို ငါက
မိုးခေါ်သံလို သဘောထားခဲ့တာပါ…။
မင်းခိုက်စိုးစန်
Comment #2
ကဗျာ အကုန်လုံးနီးပါ…ကောင်းမွန်ပါတယ်…..အဆင်အားပေးလျက်……
Comment #4
🙂
😉
🙂
Comment #1
မင်းခိုက်စိုးစန် ရဲ့ ပရိတ်သတ်တစ်ရောက်ပါ
စာတွေကို ကြိုက်တယ်