သွေးစွန်းသွားခဲ့သောမြစ်တစ်မြစ် (သက်ထွေး)
သံသယပင်တွေ
တစ်ငွေ့ငွေ့လောင်ကျွမ်း
အဆိပ်မီးတောက်တစ်စက
အောက်ဆီဂျင်ဘူးထဲ
ကူးခတ်လှုပ်ရှား ..
လည်ပင်းမှာ မျှားချိတ်နဲ့
မနက် … အဲဒီ့မနက်တွေ
ညာသံပေးလို့ ..ချီတက်လာကြပြီ။
အားငယ်တိုင်းသာ
ထွက်ပြေးတတ်မှန်း သိခဲ့ရင်
ခင်ဗျားတို့ပေးတဲ့ ခြေထောက်တွေ ကို
ကျုပ် လမ်းလျှောက်မသင်ပေးခဲ့ပါဘူး ။
အိပ်မက်သေတွေထဲ
ကာလာ ထည့်ပေးခဲ့ပါ …
ရင်ဘတ်အပေါက်နဲ့
အသက်ရှူရသူမို့
ခင်ဗျားတို့ ထင်သလောက်တော့
အိပ်ရေးမဝခဲ့ဘူး ..
ခပ်ရင့်မှိုင်းရောင်ခြယ်
အဆွေးပက်လက်ညတွေကို
ခေါင်းအုံးအောက်မှာ သိပ်ကာ ထားခဲ့ပြီ …
နောက်ဆုံးကျဖြစ်တဲ့ မျက်ရည်တစ်စက်ကိုတော့
ပါးထက်မှာ ထားရစ်ခဲ့ ..
မခူးရက်ခဲ့သော လက်တစ်ဖက်နဲ့
မင်းအတွက် စာရေးခဲ့ပါတယ် ..
“သွေးစွန်းသွားတဲ့ မြစ်တစ်မြစ်က
တစ်သက်လုံး နီလွင်မနေဘူး …
မှန်လိုမျိုး ကိုယ့်ဘဝကိုယ်
အရိပ်ထင်အောင် ငါပြန်ကြည့်ခဲ့တယ် ..
မင်းပေးခဲ့တဲ့ အလွမ်းတွေတိတ်သွားရင်
တစ်နေ့နေ့တော့ ငါရေချိုးဖြစ်မှာပါ ..
ငါမြစ် ….
တစ်သက်လုံး နီလွင်မနေဘူး”
သက်ထွေး
၂ဝဝ၈ ဇန်နဝါရီ ၂၈ ရက် မနက် ၁၀း၃၃
Comment #2
ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တကယ်ဆရာကျတယ်ဗျာ။ ဆရာတို့ကတော့ ဆရာပါပဲ ဆရာရယ်။ ကဗျာရေးရမှာတောင် လန့်လာတယ်။ သူများတွေနဲ့ ယှဉ်ရင် ကိုယ့် ကဗျာ လူမသိမှာစိုးလို့။ =)
Comment #1
အားငယ်တိုင်းသာ
ထွက်ပြေးတတ်မှန်း သိခဲ့ရင်
ခင်ဗျားတို့ပေးတဲ့ ခြေထောက်တွေ ကို
ကျုပ် လမ်းလျှောက်မသင်ပေးခဲ့ပါဘူး ။
ကြိုက်တယ် အဲဒါလေး .. ပြီးတော့
အိပ်မက်သေတွေထဲ
ကာလာ ထည့်ပေးခဲ့ပါ …
ရင်ဘတ်အပေါက်နဲ့
အသက်ရှုရသူမို့
ခင်ဗျားတို့ ထင်သလောက်တော့
အိပ်ရေးမဝခဲ့ဘူး ..
အဲဒါလေးရောပဲ (: ကဗျာထဲမှာတောင် အိပ်ရေးဝဘူးတဲ့ လန်းချက်