တကယ်တမ်း
သံလွင်မြစ်နံ့ တဝေေ၀နဲ့မြို့က
ကောင်မလေးရေ..
အသင်္ချေသော အိပ်မက်တွေနဲ့
ငါတို့ ဝေးကြရပြီထင်ပါရဲ့…
ချစ်ခြင်းကိုတားထားတဲ့ကြိုးတစ်ချောင်း၊
ကျိန်စာသင့်ဆောင်းတွင်းတစ်ခု၊
ရင်ကွဲပက်လက် ဂစ်တာနဲ့
အဆိပ်အတောက်မဲ့ ကဗျာ
မင်းကို မြတ်နိုးမိကြောင်း ပြောပြချင်ပါသေးတယ်…
ရေခဲနေတဲ့ ရင်ဘတ်ကိုမှ
ရွေးခဲ့သူ..
ငါက သက်သက်မဲ့
အရှုံးကို လက်ကမ်းခဲ့တဲ့လူပါ..
သတိရပါတယ် ဆိုတဲ့စကားတစ်ခွန်းအတွက်
လောဘတကြီး စာမျက်နှာတွေအထပ်ထပ်ပေါ့..
အကျည်းတန်အတိတ်အတွက်
ငါ့ကို မင်းရက်စက်ချင် ရက်စက်လိမ့်မယ်
ကျေနပ်ပြီးသား တစ်ခုအတွက် ရှိပါစေလေ..
စွဲလမ်းမှုများစွာ
အနာဂတ်များစွာ
ချစ်ခြင်းများစွာ
ပဟေဠိများစွာ ပိုင်ဆိုင်သော ကောင်မလေး..
ဒီတနှစ်ရဲ့နွေမှာ တို့ဆုံဖြစ်ပါ့မလား…
မြူနှင်းတွေပါးလျ
မင်း… မုန်းတီးမှုတွေ အရှိန်ကျတဲ့နေ့မှာ
လာခဲ့ပါ့မယ်…
ငါတို့
မျက်ဝန်းတွေဘာသာဗေဒ ညှိနှိုင်းမယ့်နေ့
အိပ်မက်တွေ တကယ်ပြန်ဝင်စားတဲ့နေ့
ခါးသီးမှုတွေကို အချိုတည်းရမယ့်နေ့
အဲဒီနေ့ဖြစ်ပါစေ၊…
Comment #1
ကြိုက်တယ်ဗျာ၊၊ စကားလုံးတွေက ထိတယ်၊၊