အမေ (သက်ထွေး)
အကိုင်းအခက်တွေနဲ့ဝေဆာ
အမေဟာ ..
နွေးထွေးမှုတွေကို
ပုံလို့ပေးမြဲ ..
ပင်စည်လှန်ကာ
အတောင်ပံစုံနဲ့
ခတ်ချင်ခဲ့တဲ့သား
မာယာများတဲ့
ကောင်းကင်ကြီးမှာ
မပျော်တတ်ခဲ့ဘူး ..။
ကျွန်တော့်
အတ္တတို့ဖုံးလို့ဖိကာလွှမ်း
အမေ့အသိုက်သို့
တစ်ဖြိုက်ဖြိုက်ကျခဲ့တဲ့
မျက်ရည်စက်တို့အတွက်
ရင်ခွင်ထက်ကို
ခိုလို့ဝှေ့လို့တောင်းပန်ပါရစေ
အမေ …
အပြုံးတို့သာ
သားအတွက်ချန်ထားလို့
ဝေဒနာတို့ကို
မြိန်ရေ ..ယှက်ရေ ..
စားသောက်ခဲ့တဲ့အမေ
လက်ဖဝါးနုနု
သားကြောင့်
သွေးခြေဥခဲ့ရပြီ။
တမ်းတခြင်းဆိုတဲ့
မောပန်းမှုမျဉ်းတစ်ကြောင်းပေါ်
တွန်းတင်ပေးခဲ့တဲ့
သားမိုက်ကြောင့်
အားငယ်မှုရပ်ဝန်းမှာ
သက်ပြင်းတို့သာ
အမေ ..ရှူသွင်းခဲ့ရလား ..
မလိမ္မာတဲ့သားမို့
ခွင့်လွှတ်ပါအမေ ..။
“ထာဝစဉ်..မင်းကငါ့သား” တဲ့
နွေးထွေးမှုအတွက်
အိုနွမ်းခဲ့တဲ့
အကိုင်း၊အခက်၊အရွက်တို့ကို
မီးထိုင်ရှို့လို့
ရင်ခွင်ထက်သို့
ခိုလှုံခွင့်ပေးရှာတဲ့အမေ
လက်ဆယ်ဖြာထိပ်မှာမိုးလို့
ဒီကဗျာလေးနဲ့ပဲ
အဝေးက
အမေ့ကို ..
ကန်တော့ခဲ့ပါရစေ။
သက်ထွေး
၃၀၊ဇူလိုင်၊၂၀ဝ၇
၁း၃၈ မနက်
Comment #1
ခံစားချက်ချင်းတူတယ်..ကောင်းလိုက်တာကဗျာလေးက..အမေနဲ့ပတ်သက်ပြီး အဲလိုလေးရေးတတ်ချင်တယ်..