ရည်းစားဦး
တိတ်ဆိတ်ငြိမ်သက် အိပ်စက်နေခဲ့တဲ့
၁၀ စုနှစ်ကျော်ကြာက ဇာတ်လမ်းတစ်ပုဒ်အကြောင်း..
ဒီလို ရာသီပြောင်းချိန်တိုင်းမှာ
ရင်ကို ခလုတ်လာလာတိုက်တယ်…
အိပ်မက်နဲ့ပက်ပင်းတိုးမိချိန်
လှည့်အကြည့်တစ်ချက်မှာ
သူ့ဘာသာသူ စီးဆင်းသွားတဲ့ ဆံနွယ်တွေ
အဖြေတစ်ခုကို ကိုယ့်ဘာသာတွက်ယူရတဲ့ထိပေါ့….
ကတီပါဖိနပ်ပေါ်က
သူမရဲ့ ခြေဖမိုးနုနုအတွက်
သီးသီးသန့်သန့် သ၀န်တိုဖူးတယ်…
တစ်နေ့နေ့မှာလို့
ကြုံးဝါးရင်းနဲ့
ကုတ်ကပ်တက်ခဲ့ရတဲ့ ကိုယ့်ရာဖ၀င်မှာ
ပထမဆုံး ရည်းစားစာတစ်စောင်ဟာ
ကောင်းကျိုးမပေးခဲ့ဘူး…
သူမရဲ့ ရယ်သံတွေ လေညင်းနဲ့အတူရွာချ
ရေးခဲ့သမျှ ကဗျာရှည်တိုင်းမှာ
စံပယ်ဖြူတစ်ပွင့် ပန်ရက်သားနဲ့….
မခါးခဲ့ပါဘူး ကောင်မလေး
နှစ်တွေလတွေနဲ့ခေါ်ရာလိုက်ခဲ့ပေမယ့်
ခပ်ဝေးဝေးတစ်နေရာ မင်းသတိရမိချိန်တိုင်း
မိုးကုတ်စက်ဝိုင်းဟာ ငါ ဖြစ်ချင်ပါရဲ့…
သတိရခြင်းလဲမဟုတ်၊
တမ်းတခြင်းလဲမဟုတ်
ဘာရယ်မဟုတ်ပါဘူး…
နှင်းငွေနဲ့အတူ
တိမ်စင်ပြာပြာတွေ သက်သေနဲ့
မင်းရဲ့မျက်နှာကို တစ်ခါတော့
ငေးချင်မိပါရဲ့….
အတိတ်ဆိုတာ ပိတ်ထားခဲ့ရတဲ့
ပြတိုက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ကြယ်စင်တစ်စုလောက် ဘ၀နဲ့ကောက်ယူရလိမ့်မယ်…
ပြီးပါစေ ကောင်မလေးရယ်…
ငါ့ကို အမှိုက်တစ်ခုကို စွန့်သလိုမျိုး
တိုးတိုးလျလျ မေ့လိုက်ပါ…
လူတစ်ယောက်ရဲ့
ကိုယ်ရေးကိုယ်တာ ကဗျာတစ်ခေတ်အကြောင်း…….
မြတ်နိုးစွာ လေးမြတ်ခဲ့ဖူးပါတယ်
ကောင်မလေးရယ်…
ရည်းစားဦးဆိုတာ ဘယ်ရာဇ၀င်အဆက်ဆက်မှာမှ
မေ့ကောင်းမေ့အပ်ကြောင်း မပါခဲ့ပါဘူး….
ငါတိုင်တည်လိုက်ပါရဲ့…
ချစ်ခဲ့သူရေ…
ခုထိလွမ်းမိကြောင်း ၀န်ခံပါရဲ့
ကတိတစ်ခုအတွက်နဲ့ လေဆန်ကိုတက်ခဲ့ရတဲ့ငါ့ဘ၀မှာ
အပြာရောင်တမ်းချင်းသက်သက် ဒီကဗျာတစ်ချပ်မှာ
မင်းအတွက်
ငါးမိနစ်စာ အပေါစား ဖျော်ဖြေပွဲလေးတစ်ခု
ယုယုယယ သိမ်းထားလိုက်ပေါ့ကွယ်…..
တို့ ….ချစ်ခြင်းအနုပညာကို နားလည်တဲ့ချိန်ထိ…………….ရှိနေရင်ရပါတယ်….