အသည်းကွဲကဗျာဆရာ (သက်ထွေး)
ဟေ့လူ
ခင်ဗျား ကဗျာတွေ
ငိုနေပါလား …
………………..
………………..
ကျုပ်လဲငိုနေတာပဲ။
“သေချာပါတယ်
ဒီကဗျာဆရာ
အသည်းကွဲ နေတယ်”
ဖေါင်တိန်ထဲ
မျက်ရည်တွေဖြည့်ရင်း
အလွမ်း စီးကရက်
မီးညှိလိုက် …..
ဒီလိုပဲ
ကျုပ်ကဗျာ တွေ
မွေးဖွားခဲ့တယ် ဆိုပါတော့ ။
အဖြူရောင်
ကဗျာတစ်ပုဒ်က
အမဲရောင် သူ့စာပိုဒ်တွေနဲ့
ပြည့်နှက်နေရတာ
ကျုပ်အတွက် အကျည်းတန်လွန်းတယ်
ဖေါင်တိန်ကို
သွန်မှောက်ရင်း ..
ကျုပ်အဖြေကိုရှာခဲ့တယ် ..
“ငါမွေးတဲ့ကဗျာက
ဘာကြောင့်
သူဖြစ်နေတာလဲ”
ကြေးမုံထဲကြည့်ဖြစ်ခဲ့ …
ဖေါင်တိန်တစ်လက်
ကဗျာတစ်ပုဒ်နဲ့
သူမ ..
ကျုပ်ကမ္ဘာလေးက
ကျဉ်းလွန်းလှတယ် ….
ဒါကြောင့်လဲ
အလွမ်းလွန်
အမုန်းနယ်တစ်ခု
သူမ ဖန်တီးပေးခဲ့တာဖြစ်မယ်လို့
ကျုပ်ယုံကြည်ခဲ့ဖူးရဲ့ ။
ပန်းပျိုးတဲ့
လက်တစ်ဖက်ရဲ့နိဂုံးက
လက်သီးတစ်လုံး ဖြစ်ခဲ့ရ …
ကျုပ်ပျိုးခဲ့တဲ့ ဒဏ်ရာတွေ
ရနံ့သင်းတတ်ခဲ့တယ်ဆို
ခင်ဗျားတို့ ယုံမလား …
မခြောက်သွေ့
သေးခင်အထိ
ခပ်နာနာလေး မွှေခဲ့မယ်
ခြောက်သွေ့သွားပြီးရင်
ကျုပ်နာမည်မခေါ်ပါနဲ့
အင်္ဂတေနဲ့ဆက်ထားတဲ့
အသည်းတစ်ခြမ်းမှာ
ကျုပ်ကဗျာရေးနေတယ် ….
ကျေးဇူးပြုပြီး
ကျုပ်ကို
“အသည်းကွဲ ကဗျာဆရာ”
လို့သာခေါ်ပါ ။ ။
သက်ထွေး
၂ဝဝ၇ အောက်တိုဘာ ၁၄ရက် ည ၁၀း၅၅
Comment #1
သေချာပါတယ် ဒီကဗျာဆရာ အသဲကွဲနေတယ်