ထာဝရကောင်းကင်
“ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁ – မိခင်မေတ္တာဖွဲ့ ကဗျာစု” ကဗျာစာအုပ်အတွက် ရေးလိုက်တဲ့ ကဗျာလေးပါ …
ဖိတ်ခေါ်စုစည်းပြီး စာအုပ်ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ကိုရင်ညိန်း နဲ့ သရုပ်ဖော်ဆရာများ၊ အထူးအားဖြင့် ကျနော့်ကဗျာကို သရုပ်ဖော်ပေးသူ Thet Swe Lin (TSL) တို့ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ….
ထာဝရကောင်းကင်
လူ့သမိုင်းစဉ်မှာ၊
တုနှိုင်းယှဉ်စရာ အကြောင်းမမြင်
ကောင်းကင်လို အလျှံဖြာပေး
တံတျာတေး တဝေဝေ
ရေရှည်ပွဲပေါ့ …
အသေအကြေဇွဲနဲ့
အမေတွေနွှဲခဲ့ကြ
လွှဲခဲ့သမျှ ပုခက်ကြိုးတွေ၊
ယက်မိုးလို့ ယှက်ဖြာ
ဆက်ကာသာလွှမ်းကြည့်စမ်း
စကြာဝဠာတဝှမ်း …
တလှမ်းထဲနဲ့တင် ခြုံ …
တခြမ်းထဲနဲ့ပင် လုံနိုင်ပါရဲ့ …
တရားတဖက်
အမှားမစွက်ပေမဲ့
သားအတွက်ဆို
ဓားထက်ခဲ့ရ …
မညည်းမပျက်
ခရီးဆက်ရင်းက
သမီးအတွက်ဆိုလည်းတမျိုး
ထီးတလက်လိုအမြဲမိုးပေးရ ….
အနန္တ ငါးဖြာ
တပါးအပါအဝင်ဖြစ်
အမှားတရာ ပင်ဖြစ်စေဦး
သားသာ ရင်နှစ်မို့
အစဉ်မပစ်တဲ့ အမေ …
ပိဋကတ်ထဲက အမေ
နိပါတ်ထဲက အမေ
အတတ်သိတဲ့ အမေ
အမြတ်မကြည့်တဲ့ အမေ
ပုံပြင်ထဲမှာလည်း အမေ
ဂုဏ်အင်မွဲပါလည်း အမေ
သူဌေးသူကြွယ်လည်း အမေ
ဈေးသည်လည်း အမေ
နိမ့်ကျလည်း အမေ
အငြိမ့်သမလည်း အမေ
အမြင်မကြွယ်လည်း အမေ
သဘင်သည်လည်း အမေ
အရိယာလည်း အမေ
ပြည့်တန်ဆာလည်း အမေ …
အပြစ်အနာမကြည့်တဲ့အမေ
မေတ္တာအပြည့်နဲ့အမေ
ရင်သွေးတွေအတွက်
အလျင်မနှေး အခြေမပျက်
အစဉ်ပေးဝေဆက်တဲ့ အမေ
သံသရာရဲ့ ခရီးပြင်းတချိုးတကွေ့
ကံကြမ္မာနဲ့ စီးချင်းထိုးတဲ့နေ့များမှာ …
အမေ့တရားသည် သားအတွက် အားတဖက်
အမေ့စကားသည် သားအတွက် ဓားတလက် …
လောကရဲ့ လမ်းတွေပေါ်မှာ
မောဟနဲ့ ရမ်းဝေရော်လို့
သောကဖွဲ့ လှမ်းနေမျှော်ရင်း
အဖော်ကင်းစွာနဲ့
ပျော်ခင်းမသာတဲ့နေ့တွေမှာ …
အမေ့စေတနာသည် စမ်းကျရေအဟုန်
အမေ့ခြေရာသည် လမ်းပြမြေပုံ …
အမေ့လက်ချောင်းကြာနွယ်မှာ
ကမ္ဘာတည်လို့ မှေးမှိတ်
တေးရိပ်တို့ တိုးညင်း
မိုးလင်းတဲ့ အထိ မှေးလျ
အေးမြမြ အမိကောင်းကင် …
လျောင်းချင်မိပါရဲ့
အနန္တစကြာဝဠာနဲ့
ထက်အာကာ ကောင်းကင်ဟာ
ခေါင်းတင်လို့ မှေးစက်ခဲ့ရတဲ့
အမိရင်ခွင်ကမ္ဘာထက်မှာဆို
ကြာရွက်ပမာလိုသာဖြစ်လိမ့်မယ် …
လောဘကင်းစွာ …
ဒေါသ အလျဉ်းမပါတဲ့
လောက တလင်းပြာက
ထာဝရ အမေ့ကောင်းကင် ….
ကျနော်၏ လက်ဦးဆရာ … အထူးအားဖြင့် ကဗျာမျိုးစေ့ချပေးသူ … ကျေးဇူးရှင် မိခင်ကြီးအား ဤကဗျာဖြင့် ကန်တော့ပါ၏ …
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ …
ဟယ်ရီ
Comment #1
လောဘကင်းစွာ …
ဒေါသ အလျဉ်းမပါတဲ့
လောက တလင်းပြာက
ထာဝရ အမေ့ကောင်းကင် ….
……………တကယ်ကောင်းတဲ့ …ကဗျာလေးပါ