အိပ်သော်လည်း မပျော်ခဲ့ပြီ
မနေ့ညက မျက်လုံး ဖွင့်ပြီး အိပ်ကြည့်တယ်။
မြေပြင်မှာ ကြယ်စင်တွေ တလက်လက် ခပြီး
ကောင်းကင်မှာ တသွင်သွင် စီးနေတဲ့ မြစ်ပြင်ကျယ်ကြီး။
တဟီးဟီး ဟီလိုက်တဲ့ မောင်ကြက်ဖရဲ့ အခါတော် ပေးမှုကြောင့်
ညကြီးသန်းခေါင်မှာ အသင် နေမင်းလည်း
အူကြောင်ကြောင် ထရပ်လိုက်မိပြီပေါ့။
နေ ထွက်တိုင်းလည်း မိုး မလင်းပါဘူး .. လို့ ပြောရင်း
ဗိုက်ဟောင်းလောင်းပေါ် ဖိနပ်ပြတ် တင်ပြီး ပြန်အိပ်သွားလေသူကတော့
ငါ .. ငါ မဟုတ်ပါရစေနဲ့။
မျှော်လင့်ခြင်းတွေ အတွက် အဖြူရောင် ဆေး ခြယ်လိုက်
မညီမျှခြင်းတွေရဲ့ သင်္ကေတ အဖြစ် အဖြူရောင် ဆေး ခြယ်လိုက်
မွန်းကျပ်ခြင်းတွေကို ကိုယ်စား ပြုဖို့လည်း အဖြူရောင် ဆေးကိုပဲ ထပ်ခြယ်ပစ်လိုက်ပါ
ဒါဆိုရင် ..
အဖြူရောင် ပိတ်ချပ်ပေါ်က ပန်းချီကားဟာ တဖိတ်ဖိတ် ရှင်းလက်သွားမှာပဲ။
တစ်ရောင်တည်းလား ? လို့ အမေး မများနဲ့
ဒီ တစ်ရောင်တည်းတောင် ရဲရဲ မဆွဲရဲသေးဘူးကွယ်။
မနက်ဖြန်တိုင်းဟာ ဒီနေ့လိုပဲ ဆိုရင်
သမိုင်းဘာသာ သင်မနေတော့ဘူး။
သမိုင်းဟာ မပြီးသေးသလို ဒီနေ့ ကြုံနေရတဲ့ ဘ၀ ဆိုတာ
ဘကုန်း နဲ့ ၀လုံး မဟုတ်မှန်း သိလိုက်ရတော့
သက်ပြင်း ချဖို့တောင် မေ့နေခဲ့ပြီလေ။
အဲ့လိုနဲ့ပဲ
ဗိုက် ဆာဆာနဲ့ လမ်း လျှောက်တတ်လာတယ်
စိတ် မပါပဲ ညည်းတတ်လာတယ်
မနေ့ညကလည်း
မျက်လုံး ဖွင့်ပြီး အိပ်ကြည့်ခဲ့မိတယ်။
Comment #4
လက်စွမ်းတော်တော်ထက်ပါပေတယ်
တကယ်ဖတ်လို့ကောင်းတယ်ဗျ
အားပေးသွားကြောင်းပါ ~~
Comment #1
အို…သိပ်ကောင်းတဲ့ကဗျာလေးပါ…
နောက်ကဗျာလေးကိုစောင့်နေတယ်နော်