ရာဇ၀င်ထဲမှာ ဘာတွေချန်ထားခဲ့ကြမလဲ (မိုးထက်အောင်)
အစတွေဆွဲထုတ်ရင်းနဲ့ ပဲ အဆုံးကိုမရောက်နိုင်ဘူး
အစနဲ့ အဆုံးကြားမှာ အလွှာပါးပါးလေးတော့ခြားမယ်
ရုပ်ဝတ္ထုဆန်ဆန်အတွေးတွေနဲ့ လည်လိုက် ပတ်လိုက်
ကိုယ့်ကိုယ်ကိုချည်နှောင်ကြရင်းနဲ့ ပဲရုန်းလိုက် ကန်လိုက်
အတွင်းနဲ့ အပြင်ဆိုတာလည်း နံရံကိုဖြိုလိုက်ရင်အနတ္တ
မြင်တတ်မှတော့တွေ့ ရမယ်
ကိုယ်နစ်မြုပ်နေတဲ့ဖတ်လက်စတွေထဲက ကိုယ့်ကိုယ်ကိုရှာတွေ့ ဖို့ တော့လိုမယ်
ကိုယ်ကကိုယ် သူကသူ ကိုယ်ကသူမဟုတ်တာတော့အသေအချာ
ရာဇ၀င်ထဲမှာဘာတွေချန်ထားခဲ့ကြရင်ကောင်းမလဲ
နိမိတ်ပုံတွေ ပြချက်တွေနဲ့  ပြကွက်တွေက ရိုးရိုးလာခဲ့တယ်
အသစ်မဖြစ်ခဲ့ရင်တောင် အစစ်တော့ထားခဲ့ချင်တယ်
ကိုယ်ကိုက်ခဲ့မိတဲ့ဓါး လျှာဖျားမှာသကြားလိုချိုတတ်ဖို့ နဲ့ 
ကိုယ့်ဦးနှောက်ကိုယ် ရေစင်အောင်ဆေးဖို့ လိုမယ်
ကျွန်တော်အပိုအလိုဘာမှမပြောတတ်ဘူး
တစ်ကိုယ်လုံးပုတ်မယ့်ခြေမ ဖြတ်ချသင့်ရင်ဖြတ်ချရမှာပဲလေ
အယူအဆအဟောင်းတွေ ရာစုနှစ်အဟောင်းတွေမှာတောက်ပတယ်
ဒါပေမယ့်……အခုရာစုသစ် ရင်ဘတ်တွေလည်းသစ်ဖို့ လိုတယ်
ကိုယ့်အယူအဆ ကိုယ့်ဝါဒနဲ့  ကမ္ဘာအနှံ့ သနပ်ခါးနံ့ လေးတော့ပေးချင်တယ်
ရှေ့ လူစိုက်ခဲ့တဲ့အပင်တွေကပဲဆွတ်ယူစားသုံးနေရတော့မလား
စားပိုးနင့်ရင်း ဘ၀ကအလကားဖြစ်ရတော့မယ်
မသေခင်တစ်ပင်လောက်တော့စိုက်ခဲ့ချင်တယ်
နောက်လူအတွက် အရိပ်ရခဲ့ရင်ပဲကျေနပ်တယ်
လက်ခုပ်သံ ကြိမ်းမောင်းသံတွေနဲ့ ခင်ရာဆွေမျိုး
ဒီဖက်ခေတ်အထိခေါက်ရိုးလာကျိုးတာတော့ ရင်နာတယ်
မပြင်တော့ဘူး…..မဆင်တော့ဘူး…..ရေလိုက်ငါးလိုက်
အဲဒီ့စိတ်မိုက်တွေ လွှင့်ပစ်လိုက်ပါတော့
ဘာကိုလိုချင်လို့  ဒါကိုလုပ်ခဲ့ကြတာလဲ
ကိုယ့်ကိုယ်ကို ပြန်မေးကြဖို့ တော့လိုမယ်
ကျွန်တော့်မှာတော့ ကိုယ့်အတွက်မဟုတ်တဲ့အတ္တလှလှလေးရှိတယ်
(ရော့…………..)
ခင်ဗျားဖဲ့ယူစားသုံးကြည့်ပေါ့မိတ်ဆွေ
ကိုယ့်ကိုယ်ကိုပစ်တင်ရင်းအမြင့်ပျံခဲ့ကြသူတွေ
ကောင်းကင်ရဲ့အတွေ့  လေထုရဲ့အငွေ့ 
စကားလုံးတွေ လက်ခုပ်သံတွေ ကြိမ်းမောင်းသံတွေအကြား
လန်းဆန်းစွာ လတ်ဆတ်စွာ နိုးကြားစွာ
လွင့်ကာ ၀ဲကာ စီးကာ မျောကာ
(ဒီကမ္ဘာမှာ ဒီကဗျာတွေ…….)
လွင်ကာ ၀ဲကာ စီးကာ မျောကာ
လောကဒဏ်ရာကို ကုစား
(ကျွန်တော်တို့  ခင်ဗျားတို့ ………)
ရာဇ၀င်ထဲမှာ ဘာတွေချန်ထားခဲ့ကြရင်ကောင်းမလဲဗျာ………..
……………………………………………………………………………..။ ။
မိုးထက်အောင်
Comment #3
ဘာကိုလိုချင်လို့  ဒါကိုလုပ်ခဲ့ကြတာလဲ…
အရမ်းကောင်းပါတယ်….
Comment #1
ကောင်းတယ် အစ်ကိုမိုးထက်……….. ကျွန်တော်တို့ ဘာတွေ ချန်ခဲ့ကြရင် ကောင်းမလဲ…