မိုး (တာရာမင်းဝေ)
ချစ်သူရေ…
ဟောဒီ ကောင်းကင်တစ်ရိုးက
ရေခိုးရေငွေ့အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူ့ခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့်ဝင်တိုက်တယ်။
အိုးကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟ လို့ပေါ့။
အို ချစ်သူရေ…
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ…
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
Comment #2
အပေါ်က ကဗျာထက် အောက်က comment ကဗျာကို ပိုကြိုက်တယ်။
Comment #4
ငါတို့ရဲ့မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ…
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
စကားလုံး ရွေးချယ် သုံးတတ်လွန်းပါတယ် စာရေးဆရာရယ်
Comment #1
လှလိုက်တဲ့ မိုး….
ရွာသာရွာနေတယ်….
သူငိုနေမှန်း မသိလို့ ကိုယ်ပျော်နေမိတာပါ မိုးရယ်…