Professional Authors

အမှတ်တရများစွာနဲ့ သုံးနှစ်တာတက္ကသိုလ်

                              တက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးမှာ ကျွန်တော် ပညာဆက်လက် သင်ကြားခွင့် ရဖို့အတွက် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသာ မက ယတြာပါ ကူခဲ့ရတယ်။ကျွန်တော် အနှစ်နှစ် အလလ မျှော်လင့်ခဲ့ရတဲ့ အမိ တက္ကသိုလ်(သို့) အိပ်မက်တက္ကသိုလ်ကိုကျွတ်ကျွတ်လွတ်လွတ် ခြေချခွင့် ရခဲ့ပါတယ်။အဲဒီနေ့ကလောကကြီးလည်းတော်တော်သာယာနေခဲ့တယ်လေ။
ရိုးသား ကြိုးစားတဲ့ First Year Eng ကျောင်းသား ကျွန်တော်ဟာ အဖော် မရှာဘဲ ကျောင်းဝမှာ တစ်ကိုယ်တော် ငမ်းရင်း ရောင်စုံပန်း ကလေး တွေကို မျက်လုံးနဲ့ ကျီစယ်ရင်း အပြုံးချင်း ဖလှယ်လို့ ရင်ခုန်သံတွေအိပ်တန်းတက်တော့မှအတန်းပြန်တက်တယ်။
         ကျွန်တော်ကျောင်းတက်ရက်၃ရက်မြောက်မှာ ကောင်မလေးတစ်ယောက် ရခဲ့ပါတယ်။  ကျွန်တော်ကလည်းရုပ်ကချောတော့ခက်သားဗျာ….ဒါပာာကျွန်တော်ဇာတာဒီလိုပါသာကိုး…ကျွန်တော်လည်းအင်္ဂလိပ်စာကျောင်းသားပီသစွာနဲ့ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးဆိုးခဲ့တယ်။

ကျွန်တော်တို့ သူငယ်ချင်းပာာ မတူညီတဲ့ အချက်တွေ အများကြီးထဲမှ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါက “ကျွန်ုပ်တို့သည် ဘုရားမကြိုက်သော အလုပ်ကို မလုပ်၊ ကျွန်ုပ်တို့ ကြိုက်သော အလုပ်ကိုသာလုပ်မည်”ဆိုသောအချက်ပင်။အဲဒီ ပင်ကိုစိတ်ရင်းလေးတွေကြောင့် ကျွန်တော်တို့ရဲ့ တွဲလက်တွေဟာCanteenသို့သာချီပါတော့တယ်။

           ကျောင်းသူလေးများ လမ်းလျှောက်လာရင် ကျွန်တော်တို့ အဖွဲ့ ကူညီ တတ်ပါတယ်။အထူးသဖြင့်ကျွန်တော်ကောင်မလေးလည်းပါပါတယ်.. သူမတို့ရဲ့ ခြေလှမ်းလေးတွေ ညီညာစေဖို့ “ဘယ်ညာ ဘယ်ညာ ဘယ်ညာ” နဲ့ သံပြိုင် အော်ပေးကြပါတယ်။ တစ်ခါတလေ စာကြည့်တိုက်လာတဲ့ ကျောင်းသူလေးတွေကို စေတနာနဲ့ ပြောပြပေးပါတယ်။ “ညီမလေးတို့ အဲဒီဘက် မသွားနဲ့ လက်မည်းကြီး ရှိတယ်” လို့လေ။ အဲဒီလို စနောက် ပျော်ရွှင်ခဲ့တာ တွေဟာပြန်ပြီးအစားထိုးလို့မရနိုင်တော့ပါဘူး။“ရောင်စုံ ဣတ်္ထိယ ပန်းများကြောင့် ပုရိသ လိပ်ပြာများ ပေါများ ကြကုန်၏” ဟုဆိုသော် ကျွန်တော်သည် အလွန် လောဘကြီးသော လိပ်ပြာတစ်ကောင် ဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျောင်းတက်ရက်နှစ်ဝက်ကျိုးခဲ့ပြီ၊ကျနော်ကောင်မလေးကိုချစ်ခဲ့တာတကယ်မချစ်တက်ခဲ့ဘူးပါဘူးဝန်ခံရရင်အချစ်ဆိုတာလည်းလုံးဝမသိရှိခဲ့သေးတာပါ။

တစ်နေ့ ကျွန်တော်တို့ အဖွဲ့ စကားပြောရင်း၊ ငမ်းရင်း၊ လျှောက်ရင်းနဲ့ ကောင်မလေးချောချောလေး တစ်ယောက်ကို အတူတကွ တွေ့ရှိခဲ့ကြပါတယ်။ သူမ တော်တော် လှပါတယ်။ အသားဖွေးဖွေး၊ ကိုယ်လုံးသွယ်သွယ်၊ ဆံပင်ကျောလယ်လောက် နဲ့ ယဉ်တစ်ကိုယ်မယ်လေးလိုပါပဲ။ ကျွန်တော့် စိတ်ထဲမှတ်ချက်တစ်ခုချမိတယ်။“ငါနားချင်တာအဲဒီလိုအပင်မျိုး”လို့။

ကျွန်တော် သူမကို စချစ်မိကတည်းက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမကို ချစ်ရေးဆိုခွင့် ရဖို့ သူငယ်ချင်းတွေကို ကျွန်တော့်ရဲ့ပြောင်စပ်စပ် မျက်နှာနဲ့ ညှိုးငယ်စွာ တောင်းပန်ပြီး လက်ဖက်ရည်နဲ့ စည်းရုံးခဲ့ရပါတယ်။ ကျွန်တော်လည်း ခေတ်ပညာ သင်ကြား နေတဲ့သူ တစ်ယောက်ပဲမို့ အရှုံးတော့ မခံဘူး။ သူတို့ကို ကောင်မလေးရဲ့နာမည်၊ အခန်း၊ အတန်း၊ အဆောင် အားလုံးကိုစုံစမ်းပေးဖို့နူးညံ့စွာနဲ့တာဝန်ပေးလိုက်ပါတယ်။

ကျွန်တော်ကောင်မလေးကတော့မသိရှာဘူးပေါ့.အဲ့တော့ကောင်မလေးအကြောင်းကိုဘာညာစုံစမ်းခိုင်းတာပေါ့..ကျွန်တော့်သူငယ်ချင်းတွေ အားကြိုးမာန်တက် ရှာဖွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မတွေ့ခဲ့ပါဘူး။ ဒီတော့ ကျွန်တော်လည်း စိတ်ဓာတ် ကျနေပြီ။ အဲဒါနဲ့ စိတ်ညစ်ခြင်း တစ်ပွေ့တစ်ပိုက်နဲ့ ဘယ်တော့မှ မ၀င်ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ စာသင်ခန်းကို သွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော် ရှာဖွေနေတဲ့ ငွေလမင်းက ကျွန်တော့် အခန်းမှာ သာနေခဲ့တာကို တွေ့ခဲ့ရတယ်။ ပျော်လိုက်တာဗျာ။ ဆရာမ၀င်လာတာတောင်မသိတော့ဘူး။သိလည်းမသိချင်ခဲ့ပါဘူးလေ။

ကျွန်တော်ဟာ ဘယ်နက္ခတ်နဲ့ ယှဉ်မွေးခဲ့သလဲ မသိပါဘူး။ ကျွန်တော့်ရဲ့အလွဲတွေဟာ ပိပိရိရိ လွဲတယ်။ စနစ်တကျကို လွဲခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ကို မြင်တော့ “သားက လူသစ်လား”တဲ့။ ဆရာမမေးတော့ ကျွန်တော်က ရိုရိုသေသေနဲ့ “ဆရာမ လူမှား နေတာပါ ခင်ဗျာ။ ကျွန်တော့်နာမည် လွမ်းနေပါ”လို့ဖြေသံအဆုံးတစ်ခန်းလုံးဝိုင်းရယ်လိုက်တဲ့အသံဟာကျွန်တော်အခုအချိန်ထိတွေးမိတိုင်း ရှက်နေ တုန်းပါပဲ။ ဒါပေမယ့် အဲဒီ အချိန်က သူ့ရဲ့အပြုံး တစ်ချက်နဲ့တင် ကျွန်တော် ကျေနပ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဆရာမရဲ့သြ၀ါဒနဲ့ အတူ ဌာနမှာ ၀န်ခံလက်မှတ် ထိုးခဲ့ရပါတယ်။ အဲဒီအချိန် ကျွန်တော့်စိတ်ထဲ တွေးနေမိတာက ဆရာမရယ်၊ ဆရာမ မထိုးခိုင်းခင်ကတည်းက ကျွန်တော့်ရဲ့
နှလုံးသားထဲမှာ အချစ်ဆိုတဲ့ ကလောင်တံနဲ့ နှလုံး သားစာလွှာပေါ်မှာ လက်မှတ် ထိုးပြီးခဲ့ပါပြီ။

“ကျောင်းမှန်မှန်တက်၊ စာမခက်”ဆိုတဲ့ ဆောင်ပုဒ်ဟာ ကျွန်တော့်အတွက် အတော် ခွကျပါတယ်။ ကျွန်တော် ကျောင်းတက် မှန်ပါတယ်။ ဖျားနေရင်တောင် ကျောင်းသို့ လာပါတယ်။ ဒါပေမယ့် အတန်း မတက်ခဲ့တော့ ကျောင်းစာတွေဟာ ကျွန်တော့်အတွက် စိုးရိမ် ရေမှတ်ရဲ့ အထက်ကို ရောက်နေခဲ့ပါတယ်။ အဲဒီ အချိန်က စာမေးပွဲကျမှာထက် သူ့အချစ် မရမှာကိုသာ ပူခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် သူနဲ့ ခင်သွားပါပြီ။ နောက်တစ်ဆင့် တက်ဖို့အတွက် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး အဖြေ ထုတ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲ သိလား၊ ကျွန်တော့်အကြောင်း ကျွန်တော်သာအသိဆုံးမို့နည်းနည်းလေးမှအတိမ်းအစောင်းမခံနိုင်လို့လေ။

    “ကျွန်တော်တို့ရဲ့အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းလိုက်ပါပြီ”လို့ပြီးတာ့ကျွန်တော်တို့ရဲ့ အစီအစဉ်ကသူ့အဆောင်ရှေ့မှာဂစ်တာတီးကြမယ်ပေါ့။

ကျွန်တော် ထင်တယ်၊ အဲဒီနေ့က မိုးက မချုပ်ချင်ချုပ်ချင်နဲ့ ချုပ်သွားသလိုပဲ။ ကျွန်တော်တို့ သူ့အဆောင်ရှေ့ကို ည ၁၀ နာရီခွဲလောက် ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့အရှေ့က တစ်ဖွဲ့ သီချင်း ဆိုနေကြတုန်းပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ဂစ်တာကြိုး ညှိနေလိုက် ပါတယ်။ ရှေ့ကအဖွဲ့ ဆိုပြီးသွားတော့ အစ်ကို တို့ဆိုပါဆိုပြီး အလှည့် ပေးပါတယ်။ အချိန်က လူခြေတိတ်ပြီး လကလည်း ကွေးကွေးလေးအိပ် နေပါပြီ။ ကျွန်တော့်ရဲ့ရစ်သမ် စည်းချက်နဲ့ အတူ ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာသီချင်းဟာခံစားချက်အပြည့်နဲ့လေထဲမှာလွင့်မျောသွားတယ်။

ကျွန်တော်တို့တွေ အခြေအနေ ကြည့်လိုက်တော့ အဆောင်ရဲ့အပေါ်ထပ် အထက်ခန်းမှာ မီးလုံးလေး လင်းနေတယ်။ ကျွန်တော့် သူငယ်ချင်း တွေက “အဲဒါ မင်းကောင်မလေး အခန်း”တဲ့။ ကျွန်တော် အရမ်း ပျော်သွားတယ်။ သူ မအိပ်သေး ဘူးပေါ့။ ဒါနဲ့ ကျွန်တော်တို့ ဂစ်တာတီး သီချင်း ဆိုလိုက်တာ မနက် ၃ နာရီထိုး သွားပါတယ်။ အခန်းမီးကလည်း လင်းနေတုန်းပါပဲ။ အဲဒီအချိန် တစ်ရေးနိုး ထလာတဲ့ခြံစောင့်ကို မေးကြည့်တဲ့ အခါ “ငါ့ညီတို့ အဲဒီအခန်းက ဘုရားခန်း၊ မီးကလည်း တစ်ညလုံးပူဇော်တာပါ”တဲ့။ ခြံစောင့် ကြီးရဲ့စကားသံများနဲ့ အတူ ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်း မနက်ဖြန်အတွက် မျှော်လင့်ခြင်းဆိုတဲ့ စိတ်တွေအားလုံးပြိုပျက်ခဲ့ရတယ်။သူငယ်ချင်းတွေကလည်းနှစ်သိမ့်ပေးကြပါတယ်။“မင်းကတော့ဖြစ်တတ်ပါတယ်”တဲ့။ ၀မ်းနည်းစွာနဲ့ပေါ့။

ဒီလိုနဲ့ မကြာခင် အချိန် အတောအတွင်းမှာ စာမေးပွဲကြီး ရောက်လာတော့မယ်လေ။ ဒီတော့ ကျွန်တော် ကြိုးစား ရပြန်တာပေါ့။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ပန်းတိုင် နှစ်ခုလေ။ ကျွန်တော့်ရဲ့ ကြိုးစားမှုကြောင့် ကျောင်းစာကို ပါးစပ်ကနေ အော်ကျက်ပြီး အားနေတဲ့ လက်က ချစ်သူအတွက် စာချွန်လွှာတွေကို အောင်မြင်စွာ ရေးသားနိုင်ခဲ့တယ်။ ဒီလိုနဲ့ စာမေးပွဲလည်း ပုံမှန် အတိုင်းပဲ ပြီးဆုံး သွားခဲ့ပါတယ်။ အချိန်တန်တော့ အောင်စာ ရင်း ထွက်ပါတယ်။ အတန်းတင် စာမေးပွဲမှာ ကျွန်တော် သရေကျခဲ့ပြီး အချစ်ဆိုတဲ့ ဆုဖလား ကိုတော့ ကျွန်တော် အောင်မြင်စွာ ရရှိခဲ့ပါတယ်။ ကျွန်တော်လည်း First Year ကို မကျေပွဲပြန်နွှဲဖို့ ရတနာပုံ တက္ကသိုလ်ကြီးကို အလေးပြုပြီး နောက် တက်လာတဲ့ First Year ကလေးတွေနဲ့ အတူ ကျောင်းဝင်းထဲသို့ ရိုးရိုးလေးပဲ စီးဝင်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ချစ်သူနဲ့ လျှောက်လည်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင်း အချိန်တွေကို မေ့လျော့နေသလို ရာသီတွေ လည်ပတ်နေတာကိုလည်း သတိ မထားမိခဲ့ပြန်ဘူး။ အဲဒီလို လည်ပတ်နေရင်းနဲ့ပဲ စာမေးပွဲတွေ အကြိမ်ကြိမ် ဖြေဆိုပြီးနောက် ကျွန်တော်လည်း နောက်ဆုံးနှစ်သို့ အမှတ်မထင်အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။
ကျောင်းကြီးပိတ်သွားတော့မှာ၊ ကျောင်းပြီး သွားတော့မှာပါလား ဆိုတဲ့ အသိက ကျွန်တော်တို့လို နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ ရင်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားချက် တစ်မျိုးစီ ရှိကြပါတယ်။ ကျွန်တော်တို့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေရဲ့မျက်နှာကို ကြည့်ပြီး ညီလေး၊ ညီမလေးတွေကလည်း စိတ်မကောင်းကြပါဘူး။ ဘာပဲဖြစ်ဖြစ် အချိန် တန်တော့လည်း အိမ်ပြန်ရမှာပဲဆိုတဲ့အသိကိုစိတ်နှစ်ပြီးဝမ်းနည်းခြင်းတွေကိုအပျော် မျက်နှာဖုံးတွေနဲ့ ဖုံးအုပ်ခဲ့ရပါတယ်။
စာမေးပွဲ ပြီးသွားလို့ အဆောင်ပြန်ပြီး သူငယ်ချင်းတွေကို နှုတ်ဆက်ကြဖို့ ကျွန်တော်တို့ အဖွဲ့ တိုင်ပင်ခဲ့ကြပါတယ်။ အဲဒီလို တိုင်ပင်ရင်းနဲ့ ချုပ်တီးထားတဲ့ ကြားက လျှံထွက်လာတဲ့ မျက်ရည်စတွေကိုအောင်မြင်စွာကျွန်တော်တို့တွေမထိန်းသိမ်းနိုင်ခဲ့ပါဘူး။

ကျွန်တော်တို့ အဖွဲ့ နောက်ဆုံး ‘Palar’ တီးရင်းနဲ့ အဆောင်တိုင်း အဆောင်  တိုင်းက သူငယ်ချင်းတွေ အားလုံးကို သီချင်း တစ်ပုဒ်တည်းနဲ့ နှုတ် ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သံပြိုင်သီဆို နှုတ်ဆက် လိုက်တာကတော့တစ်ချိန်တုန်းကတက္ကသိုလ်ဆိုတဲ့သီချင်းလေးနဲ့ပါ။
ဖြူစင်ခိုင်မာခဲ့တဲ့ သံယောဇဉ်တွေကြောင့် သီချင်း ဆိုနေတဲ့ ကျွန်တော်တို့ ဆို့နင့် ကြေကွဲနေသလို မျက်ရည်ဝဲနေတဲ့ အဆောင်သူလေးတွေက ပြတင်းဝ မှာရပ်လို့ပေါ့။ အဆောင်သူ ညီမလေးတချို့က မျက်ရည်စတွေနဲ့ ရေဘူးတွေ လာပေး၊ အချဉ်ထုပ်တွေ လာပေး၊ လက်ပြတဲ့ သူကပြ၊ မြင်မြင်သမျှတွေဟာဝမ်းနည်းကြေကွဲစရာတွေပါပဲ။

ကျွန်တော့်စိတ်ထဲမှာခိုင်မာတဲ့အသိတစ်ခုဝင်လာခဲ့တယ်။ဒါဟာကျောင်းသားဘ၀ရဲ့ခမ်းနားတဲ့ဝိသေသ ကြီးမားတဲ့ဂုဏ်ပုဒ်ကိုမဖော်ပြနိုင်ခဲ့ပေမယ့်ဒီလိုခံစားချက်မျိုးနောက်တစ်ခါထပ်မရနိုင်တော့ဘူးဆိုတကို ကျွန်တော်အလိုလိုသိနေ၊ယုံကြည်နေခဲ့မိတယ်။

“နှုတ်ဆက်ခဲ့ပါတယ်”သူငယ်ချင်းတို့ရေ။ မင်းတို့ငါတို့ အားလုံးဟာ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ပြီး လုပ်ငန်းကိုယ်စီ ၀င်ကြရတော့မှာ မှန်ပေမယ့် တို့တစ်တွေ အားလုံးဟာ ကံမကုန်သေးသမျှတော့ ပြန်ဆုံကြဦးမှာပါ။ အဲဒီအခါ တို့တစ်တွေအကြောင်း ပြန်ပြောင်း ပြောကြတာပေါ့ သူငယ်ချင်းတို့ရေ…။
အခုတော့…။
ကျွန်တော်တစ်ယောက်တည်း ကျောင်းတော်ကြီးကို မြင်မိတိုင်း မျက်ရည် ၀ိုင်းခဲ့ရတယ်။
ရွက်ကြွေတောထဲမှာ အတိတ်ရဲ့အပိုင်းအစတွေ အမောတကောဖွေရှာလို့ စွယ်တော်နဲ့ ကံ့ကော်တွေတောင် သစ်ပုပ်ပင်ဘက် မေးငေါ့ပြတယ်။ ကျေနပ်ခဲ့ပါတယ်လေ။ မေ့မရလို့သာ အလွမ်းဖြေရာ သည်ခြေရာလေးတွေ ကြည့်ရင်းနဲ့ပေါ့။ 

သူငယ်ချင်းများကိုအမှတ်တရဖြစ်နေဆဲပါသူငယ်ချင်းတို့ရယ်…………..   

                                                                                                လေးစားစွာဖြင့်

                                                                                                ကျော်နိုင်ဦး B.A(Eng)

In: Others Posted By: Date: Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment