´´ ရလဒ်တွေ တစ်ပုံးအပြည့်နဲ့ “
´´ ရလဒ်တွေ တစ်ပုံးအပြည့်နဲ့ “ ကျွန်တော်တို့နိုင်ငံမှာလည်း ဆရာကြီးပီမိုးနင်းကို မသိသူမရှိ။ ဆရာကြီးပီမိုးနင်းဟာ သူဖုန်းစား(သူတောင်းစား) အ ကြောင်းကို စာရေးဖို့အတွက် သူကိုယ်တိုင်ရုပ်ဖျက်၊ ခွက်စွဲပြီး လိုက်လံတောင်းရမ်း၊ စားသောက်ခဲ့တဲ့ ဘ၀အတွေ့ အကြုံကို ကိုယ်တွေ့လုပ်ယူခဲ့တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ တစ်ခြားနိုင်ငံကျော်စာရေးဆရာတွေ၊ နိုင်ငံမကျော်တဲ့ စာရေးဆရာတွေလည်း ဘ၀စုံအောင် ဆိုင်ရာအတွေ့အကြုံတွေကို ကိုယ်တွေ့လေ့လာ ခံစားပြီးယူတတ်ကြပါတယ်။ ကမ္ဘာ့စာပေတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီလိုပါပဲ။ ကမ္ဘာကျော်စာရေးဆရာ ဂျိမ်း(စ်) အ မစ်ချီနား (James A Michener) အကြောင်းကို စာရေးဆရာမ အီသယ်(လ်)ဗန်ဂျတ့်(ထ်) Ethel Bangert ရေးထားတဲ့ ´´ ရလဒ်တွေ တစ်ပုံးအပြည့်နဲ့ (A Bucket Full of Research) “ ကို ဖတ်ခဲ့ဖူးပါတယ်။ ပအိုဝ်းစွီး website စာမျက်နှာပေါ်မှာ ကလောင်သွေးနေကြတဲ့ သွေးချင်းကလောင်ရှင် ပအိုဝ်းမောင်မယ်များအတွက် ရည်ညွှန်းပြီး အဲဒီအကြောင်းကို ယခုလိုမျှဝေ ခံစားလိုက်ပါတယ်။ ဂျိမ်း(စ်)ဟာ အသက်လေးဆယ်ဝန်းကျင်လောက်ရောက်မှ ပထမဦးဆုံးစာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သူတစ် ယောက်ပါ။ သူဟာ လူငယ်တွေကို ၀တ္ထုတစ်ပုဒ်မရေးခင် သေသေချာချာသုတေသနပြုလုပ်ဖို့ အကြံဥာဏ်ပေးလေ့ ရှိပါတယ်။ တိုင်းပြည်၊ ဒေသတစ်ခုအကြောင်း သူစာရေးမယ်လို့လျာထားပြီဆိုရင် အဲဒီနယ်ပယ်ဒေသတွေကို ကိုယ် တိုင်သွားရောက်လည်ပတ်တယ်။ လူပေါင်းများစွာနဲ့ ဆက်ဆံပေါင်းသင်းပြီး စူးစမ်းလေ့လာမေးမြန်းတယ်။ နောက်ခံ အချက် အလတ်တွေပြည့်ပြည့်စုံစုံသိရဖို့ စာအုပ်စာပေတွေဖတ်တယ်။ စာရေးသက်နှစ်ငါးဆယ်အတွင်း နာမည်ကျော် ကြားလူကြိုက်များခဲ့တဲ့ Hawaii, Iberia, The Source, Texas, Poland, Alaska, Caribbean အစရှိတာတွေ အပါ အ၀င် စာအုပ်ပေါင်းလေးဆယ်ကျော် ငါးဆယ်နီးပါးကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်တစ်အုပ်စီအတွက် နောက်ခံ ဗဟုသုတပေးတဲ့ စာအုပ်စာတမ်းပေါင်း နှစ်ရာကျော်စီလောက်ကို လေ့လာဖတ်ရှုခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလိုပြည့်ပြည့်စုံစုံ သုတေသနတွေပြုလုပ်ခဲ့လို့ သူ့ရဲ့ပထမဦးဆုံးစာအုပ်ဖြစ်တဲ့ Tales of the South Pacific ဟာ (၁၉၄၈) ခုနှစ်အတွက် ပုလစ်ဇာဆု ချီးမြှင့်ခံခဲ့ရပြီးနောက်ပိုင်း ဆုတွေတစ်သီတစ်တန်းကြီး ထပ်မံရရှိခဲ့ပါတယ်။ ဂျိမ်း(စ်)က တိုင်းပြည်တစ်ပြည်အကြောင်းရေးမယ့်သူဟာ အဲဒီတိုင်းပြည်အကြောင်း ကောင်းကောင်းသိနေရမယ်။ အတွေ့အကြုံ၊ အဖြစ်အပျက်တွေအပြင် အဖြစ်တစ်ခုအကြောင်း ရေးဖို့ဆိုရင်လည်း အလားတူတွေ့ကြုံခံစားဖူးရမယ်။ ဒါမှသာ အဲဒီတိုင်းပြည်ရဲ့ အဖြစ်အပျက်ကို ပီပီသသရေးသားနိုင်မယ်လို့ ခံယူထားသူတစ်ယောက်လည်းဖြစ်တယ်။ ကျွန်မကလည်း သူပြောတာနည်းစနစ်ကျတယ်လို့ ထင်မြင်ယုံကြည့်ယူဆပါတယ်။ ဒါကြောင့်မို့လို့လည်း စပိန်ကို ကျွန်မသွားရောက်ဖြစ်ခဲ့တယ်။ သြစတေးလျဆိုရင် နှစ်ကြိမ်တောင်ရောက်ခဲ့တယ်။ ဂျပန်၊ တရုတ်နဲ့အခြားတိုင်းပြည် တွေကိုလည်း ထို့အတူပဲရောက်ရှိခဲ့ပါတယ်။ ဒီအတွေ့ကြုံနဲ့ စာကြည့်တိုက်မှာ သုတေသနလုပ်ထားတာတွေနဲ့ ပေါင်း စပ်လိုက်တဲ့အခါမှာတော့ စာအုပ်အထူကြီးတွေ အတော်များများကို ကျွန်မရေးပြီးထုတ်ဝေနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း အဲဒီအကြံပေးချက်တွေဟာ တစ်ခါတလေလူကို ဘရိတ်ပေါက်စေပြီး လမ်းချော်သွားစေနိုင်တဲ့ သဘောတွေလည်းရှိပါတယ်။ ဥပမာ- ဟစ်တလာခေတ်က ဂျာမနီကိုနောက်ခံထားပြီး ရေးသားဖို့ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်အတွက် ကျွန်မသုတေသနပြုလုပ်ခဲ့တုန်းကဖြစ်တယ်။ ပေါ(လ်)ဂယ်လီခို(Paul Gallico) ရဲ့စာအုပ် တစ်အုပ်ထဲမှာ နာဇီတွေဟာ လူတစ်ယောက်ရဲ့ခေါင်းကို သံဖြူပုံးစွပ်ပေးပြီး ပုံးကိုတုတ်နဲ့ တဗြောင်းဗြောင်းရိုတ်နှက် ကာ လူကိုရူးသွတ်သွားအောင် ပြုလုပ်ကြတဲ့အကြောင်း ရေးထားတာကိုဖတ်လိုက်ရတော့ ဒါဟာ တကယ်ဖြစ်နိုင်ပါ့ မလားလို့တွေးတောရင်း ဂျိမ်း(စ်)ရဲ့ အကြံပေးချက်ကို သွားသတိရလိုက်ပါတယ်။ ´´ အကြောင်းအရာတစ်ခုအ ကြောင်း မရေးသားခင် ကိုယ်တိုင်ခံစားကြည့်ဖို့ “ ဆိုတဲ့ အချက်ပါ။ ဒါကြောင့် ကျွန်မစမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်နောက်ဖေးကွက်လပ်ထဲကို သွားပြီးတဲ့အခါ ဘေးစီတွေကို လူရှိမရှိ သေချာအောင်ကြည့်တယ်။ ပြီးတော့မှ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ရေထည့်သုံးတဲ့သံပုံးကို ခေါင်းမှာစွပ် လိုက်ပြီး တံမြတ်စည်းရိုးနဲ့ ခတ်ပြင်းပြင်းလေးတစ်ချက် စမ်းပြီးရိုတ်ကြည့်တယ်။ ထွက်လာတဲအသံက နားကွဲမတတ်။ မယုံနိုင်လောက်အောင်ကို ပုံးစုတ်ရဲ့အသံက စွာမှစွာပဲ။ စာအုပ်ထဲမှာ ဒီအခန်းကို ပီပီသသရေးသားတင်ပြနိုင်အောင် ပြတ်သားထင်ရှားစွာ မှတ်မိစေဖို့အတွက် သံပုံးကိုနောက် ထပ်လေးငါးခြောက်ချက်ဆင့်ပြီး တအားကိုတီးထဲ့လိုက်တယ်။ နားထဲမှာအရမ်းကို အူထူသွားပြီး သံပုံးကိုအမြန် ဆွဲချွတ်လိုက်တဲ့အခါမှာ သူ့အခန်းပြတင်းပေါက်မှ ကျွန်မကိုစိုက်ပြီးကြည့်နေတဲ့ အိမ်နီးချင်းအမျိုးသမီးရဲ့အံ့သြ ထိန့်လှန့် နေတဲ့မျက်နှာကို တန်းမြင်လိုက်ရတော့တာပဲ။ သူကကျွန်မတို့ လင်မယားငှားပြီးနေတဲ့ အိမ်ရဲ့အပေါ်ထပ်မှာ နေထိုင်တဲ့သူဖြစ်ပါတယ်။ သူနဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက် စကားတစ်ခွန်းမှမဆိုပဲ အတော်ကြာကြာစိုက်ကြည့်နေမိကြတယ်။ ကျွန်မရူး သွားပြီလို့ သူမှတ်ယူသွားတော့မယ်ဆိုတာကို ကျွန်မသိလိုက်တယ်။ မှန်ပါတယ်။ တစ်ပတ်အတွင်း သူမအိမ်ပြောင်းသွားပါတော့တယ်….။