ပြောရဦးမယ်(၂)။
ပြောရဦးမယ်..(၂) ။
ပြောရေးရှိက ပြောအပ်လှသည် ဆိုသော မြန်မာစကားပုံရှိသည့်အားလျော်စွာ ပြောစရာကိစ္စက ရှိလာပြန်တော့ ပြောရဦးမယ် အပိုင်း(၂) ကို ရေးသားလိုက်ရပါတော့၏…။
ဒီတစ်ခေါက် ဖောက်သည်ချ ပြောပြမယ့် အကြောင်းကတော့ ကိုယ့်တွေ့ပါပဲ…။ တခြားဟုတ်ရောလားဗျာ…။ မြန်မာနိုင်ငံ သား တိုင်းရင်နှီးထိတွေ့ဖူးနေကြသော ဟောဒီ့အောက်က ပုံပါတဲ့ M.A.I (myanmar airways.) မြန်မာနိုင်ငံပိုင်လေကြောင်းလိုင်း အ ကြောင်းပါပဲဗျာ…။
ဖြစ်ပုံက ဒီလိုဗျ ကကြီးတို့ ကိုယ့်နိုင်ငံမှာ ကိုယ်သင်ထားတဲ့ ပညာနဲ့ လုံခြုံရေးအလုပ်တောင် မရတဲ့ အခါ စိတ်နာနာနဲ့ ထန်း
ခေါက်ဖာထဲ ရှိသမျှ အ၀တ်လေးထဲ့ ရောင်းချစရာရှိတာတွေ ရောင်းချပြီး နီးစပ်ရာ သူငယ်ချင်းတွေ ရဲ့ အကူအညီတွေကို ယူပြီး ပြည်
တော် စွန့်ဖို့ စဉ်းစားကာ တိုင်းတစ်ပါးမှာ ဖိနပ်တိုက်…. အိမ်သာဆေးဖို့ မြန်မာနိုင်ငံသား ပညာတတ်တစ်ယောက်အနေနဲ့ သိပ်မဝေး လှတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို ထွက် လာခဲ့ ပါတော့တယ်….
အချိန်က ညနေ (၂) နာရီသာသာပေါ့ဗျာ စိတ်ပူတတ်တဲ့ သူငယ်ချင်းရဲ့ လောဆော်မှုကြောင့် ကကြီး တို့ကို နိုင်ငံခြားထွက်မယ်
ဆိုပြီး အထင်တကြီးလိုက်ပို့ချင်တဲ့ တောကအမျိုးကလေးတစ်သိုက်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မှန်ပေါင်းချောင်ကြီး …အဲလေ ဟုတ်ပါဘူး လေဆိပ်ကြီးကို ကကြီးတို့ ခန့်ခန့်ထည်ထည် ပုံပျက်ပန်းပျက်ကြီးရောက်လာခဲ့ပါတယ်…။
တကယ်ဆို လေယဉ်က ညနေ (၄း၃၀) မှ ထွက်မှာ ဖြစ်ပေမယ့် သူငယ်ချင်းရဲ့ ပရမ်းပတာ အမြဲဖြစ်တတ်တဲ့ ကကြီးရဲ့အကျင့်ကို
သိပြီး စိတ်ပူတတ်မှုကြောင့် လေဆိပ်ကို စောစောစီးစီး ကကြီးတို့ ရောက်နေခဲ့ရခြင်းလည်း ဖြစ်ပါတယ်…။
ရောက်တယ်ဆိုရင်ပဲ နေရာတကာ လူတတ်ကြီးလုပ်ချင်တဲ့ ကကြီးရဲ့ထုံးစံအတိုင်း ရွာကပါလာတဲ့ အမျိုးကလေးတစ်သိုက်ကို
လက်ဆွဲပြီး….. လေဆိပ်(ပြည်ပဆိုက်ရောက်..) ခန်းမထဲက ကော်ဖီနဲ့ မုန့်ဆိုင်လေးဆီ ချီတက်လာခဲ့ပါတော့တယ်…..။ (တကယ်ဆို
ကိုယ်ကိုတိုင်လည်း ပါလာတဲ့ပိုက်ဆံလေးနဲ့ နန့်ချင်တာ ပါပါတယ်..) ။
မုန့်ဆိုင်ရောက်တော့ မမြင်ဖူး မတွေ့ဖူးတဲ့ အရာတွေ စားစရာတွေကို တွေ့ပီးကလေးတွေဟာ ဆိုင်ကောင်တာ ရှိုးဘောက်စ်
ထဲက ရှိသမျှ မုန့်တွေကို လက်ညှိုးထိုးသူက အငမ်းမရ သားရေ တမြားမြားနဲ့ထိုး………. သုဝဏ္ဍဘူမိပြည် မှာ ဘီလူးကျသလို အတင်းပဲ မုန့်တွေကို ၀င်ဆွဲတဲ့ ကလေးတွေကဆွဲနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ (ပြည်ပဆိုက်ရောက် ခန်းမ..)ကြီးထဲမှာ အော်ဟစ် ဆူညံပြီး ပွက်လောရိုက်သွားခဲ့ပါတော့တယ်….။ ဒီလို ပွက်လောရိုက်မှုကြောင့် လေဆိပ်ထဲမှာ ရှိနေကြပြီးဖြစ်တဲ့ လူတွေဟာ နီးရာအထုပ် ဆွဲပြီးပြေးသူပြေး….. လစ်ရာလစ်ရာ မြန်မာတို့ရဲ့မဖျောက်နိုင်တဲ့အကျင့်အတိုင်း ဆူဆူဆို အလစ်သုတ်လို့ရတာ မ ပြီး ထွက်ပြေးကုန်ကြပါတယ်….။
ရုတ်တရက် ထိမ်းမနိုင်သိမ်းမရ အခြေအနေ တစ်ခုဟာ ကိုယ့် ပရောဂကြောင့် ဖြစ် သွားတာမို့… ကကြီးလဲ အချိန်စောနေတာကို ဂရု
မပြုမိအားတော့ပဲ ကိုယ့်ကို လေဆိပ်လုံခြုံရေးတွေရဲ့ ခေါ်ယူထိမ်းသိမ်းခြင်းက လွတ်အောင် .. ဘေးနားက ထန်းခေါက်ဖာကိုဆွဲ ပါတ်စပို့ကိုဖြဲပြ ပြီး (ပြည်ပထွက်ခွာ ခန်းမ ထဲကို ဂမူးရှုးထိုး ၀င်လိုက်ပါတော့တယ်…) ဒီအချိန်မှာ ကကြီး ထားခဲ့လို့ ကျန်ခဲ့တဲ့ ကလေးတွေဟာ မှန်ကာထားတဲ့ အပြင်ဘက်ကနေ ကကြီးကိုခြေစောင့်ပြီး အော်ဟစ်ခေါ်တဲ့သူကခေါ် …… ကကြီးကိုစိတ်တို ပြီး ကာထားတဲ့ မှန်ကြီးကို လျှာနဲ့ လျှက်တဲ့ သူတွေက လျှက်နဲ့ ကျန်ခဲ့ပါတော့တယ်..။
ကကြီးလည်း လက်ရှိဒုက္ခက လွတ်အောင်သာ ပြေးဝင်ခဲ့ရတယ် လက်ရှိမှာ ကိုယ်က တောကြိုးအုံကြား ဇနပုဒ်က တက်လာတဲ့ ကောင်မို့ ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိပဲ ခန်းမအလယ်မှာ စိတ်လှုပ်ရှားလွန်းလို့ နှပ်ချီးတွေထွက် ….သားရေတွေ တသွင်သွင်စီးကျပြီး ပုံပျက်ပန်းပျက် ဖြစ်နေပါတယ် ..။ ဒါကို ဘေးနားမှာရှိတဲ့ လူတစ်ယောက်က ရိပ်မိသွားပြီး လေဆိပ်ထဲအခြေအနေ
ဆိုးများ ဖြစ်မလာစေရန် ကကြီးကို ကောင်တာတစ်ခုရှေ့ဆီ ဆွဲခေါ်ပြီး ပို့ပေးပါတော့တယ်..။ ဒီမှာတင်ပဲ ကကြီးရဲ့ ပြောရဦးမယ် အပိုင်း(၂) ဟာရေးဖို့ စတင် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်ခင်ဗျာ …။
ကကြီး ရောက်သွားတဲ့ကောင်တာက တခြားနေရာမဟုတ်ဘူးခင်ဗျ….. ကကြီးတို့နိုင်ငံက နိုင်ငံပိုင် အများတကာ (အဲးဖလိုက်)
တွေထက် လေယာဉ်လက်မှတ်ခ ပိုယူထားတဲ့ (M.A.I) လို့ ခေါ်တဲ့ မြန်မာလေကြောင်းလိုင်း လက်မှတ်ပြ ခုံနေရာပေးပြီး ကိုယ့်အ ထုပ် ကို ပြစ်စလက်ခတ် နဲ့ အလိုအလျောက်စက်ပေါ် ပြစ်တင်တဲ့နေရာပါပဲ….။
ကောင်တာရှေ့ ရောက်တယ် ဆိုရင်ပဲ……ဘာမမေးညာမမေးရသေးခင် ကကြီးရဲ့ လက်ထဲက လေယာဉ်လက်မှတ်ကိုဆွဲယူပြီး
တဗျိဗျိနဲ့ ဆွဲစုတ်ပြီး ….
“” ဒါ ပထမဦးဆုံး အကြိမ်လား…..”” “”အရင်က သွားဖူးလား..””
ဒီလိုမေးခွန်းကို လေသံမာမာ မျက်နှာထားတင်တင်နဲ့ အမေးခံလိုက်ရတယ် ဆိုရင်ပဲ နဂိုကမှ ကြောက်တဲ့စိတ်ကြောင့် သား ရေတွေ ကျနေရာကနေ …. ဒူးနှစ်ချောင်းကပါ တဂတ်ဂတ် ရိုက်လာပါတော့တယ်…..။
“” ဟုတ်….. ဟုတ် ပါတယ်..””
ထိုအမျီုးသမီးက ကကြီးကို တစ်ချက် အထင်သေးရှုတ်ချသလို မော့ကြည့်လိုက်ပြီး…..
“” သြော် ဒါဆို ရှိုးမန်းနီး ပါသလား….””
မြတ်စွာဗုဒ္ဓေါ အဲ့ဒါမှ ဒုက္ခ ထိုအမျိုးသမီး မေးလိုက်မှ ပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စမ်းစစ်မိတော့ သည် ဟုတ်ပါပေ၏…သူငယ်
ချင်းဖြစ်သူမှ သူကိုယ်တိုင် လာကြိုမည် ဖြစ်ပြီး သွားရောက်မည် နိုင်ငံ လေဆိပ်တွင်လည်း ရှိုးမန်းနီး ပြစရာမလိုကြောင်းပြော၍
နိုင်ငံခြားငွေနှင့် ပါတ်သတ်၍ ပြစရာ ဆို၍ ပုံလေးသော်မျှ ကကြီးတွင် မပါလာခဲ့ပေ……။ ပိုက်ဆံဆို၍ ရွာမှမထွက်ခင် ရွာဦး ဆရာတော်ကြီးကို သွားကန်တော့စဉ်က ဆရာတော်ကြီးပေးလိုက်သော အန္တရယ်ကင်း ပွဲပိုက်ဆံ မြန်မာငွေ (၅) ကျပ်တန် တစ်ရွက်သာ ပါလေသည်…။
ကကြီး ယခင်ကထင်ထားခဲ့သော ယခု ကကြီးရောက်ရှိနေရာ ကောင်တာမှ အမျိုးသမီးသည် အမ်အေအိုင် လေကြောင်းလိုင်း ယူနီဖောင်း ၀တ်ထားသော်လည်း (အင်မီဂရေးရှင်း) မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိကြီးမှန်း ကကြီး သူ့၏ မေးမြန်းချက်များကိုကြည့်၍သိလိုက်ရပါသည်….။ ထို့ကြောင့် တရိုတသေနှင့်ပင်…
“” ဟိုလေ…… ဟိုဟာ…… ကျွန်တော်မှာ ရစ်တန်တိကတ် ပါတယ်လေ အမ… ဒါဆိုပြစရာ မလိုဘူးမှတ်လား..””
ကြောက်ကြောက်ရွံရွံနှင့် ထိုအမျိုးသမီးကို ကွန်ပလိန်း တက် ကြည့်မိလိုက်သည်….. ကကြီး၏ ခိုင်မာသော အလီဘိုင် ပြန်လှန်
မေးချက်ကြောင့် ထိုအမျိုးသမီးက ….
“”ကောင်းပီလေ ….ဒါပေမယ့် ကျွန်မ ဒီမှာ ရှင့်ကို ရေးပေးလိုက်မယ်…… ရှင် အဆင်ပြေအောင်လို့ ဟိုဘက်အင်မီဂရေးရှင်းက
မရစ်အောင်ပေါ့.. “”
“ဟုတ်ကဲ့……ဟုတ်ကဲ့ …ကျေးဇူးတင် လိုက်တာဗျာ……ကျေးဇူးကြီးပါပေတယ.်..”
ဘာစာရွက်ပေါ် ဘာရေးပေးလိုက်မှန်း မသိပါ ကကြီး ထိုအမျိုးသမီးပေးသော စာရွက်ပိုင်းများကို ကိုင်ကာ ထိုအမျိုးသမီး ညွှန်းပြရာ
သို့ တုန်တုန်ယင်ယင်နှင့် ဓါတ်လှေခါးမှတက် လာ ခဲ့လိုက်ပါတော့ သည်…..။ စိတ်တွင်းမှ လဲ သြော် ငါ့သူငယ်ချင်းတွေ ပြောတဲ့
“”ငါတို့ အင်မီဂရေးရှင်း က သိပ်ဂဂျီ ကဂျောင်နဲ့ ရစ်တာကွ “” ဆိုသော စကားကိုကြားယောင်ရင်း ခေါင်းလေး တဆတ်ဆတ် ငြိမ့်ကာ
တွေးရင်လျှောက်လာမိပါတော့သည်….။ သို့သော် သိပ်မကြာပါ…..ကကြီး အပေါ်ထပ်အရောက်တွင် လူများတန်းစီ၍ ဖြတ်သန်း သွား ရသောလျှောက်လမ်းလေးခုနှင့် လာသမျှ လူများ၏ ပါတ်စ်ပို့ကို တံဆိပ်တုံးထုနေသည်ကို တွေ့လိုက်ရပါသည်..။
သို့ပေမယ့် ထိုတံဆိပ်တုံးထု သောနေရာသည် ကကြီးနှင့် မည်သို့မျှ သက်ဆိုင်တော့မည်မထင်ပါ….. အဘယ့်ကြောင့်ဆိုသော်
ကကြီးသည် အောက်မှ အလွန်ရစ်သော အပေါက်ဆိုး သည့် အင်မီဂရေးရှင်း အမျိုးသမီးအရာရှိကြီးထံ အစစ်ဆေးခံခဲ့ ပြီးပြီး မဟုတ် ပါလား….။
ထို့ကြောင့် လူကိုခပ်တည်တည် ဟန့်ကိုယ့်ဖို့ထားကာ ရင်ကိုကော့ ဖင်ကိုကောက် ပြီး တန်းစီနေသောလူများကို မာန်ပါပါ တိုးဝှေ့ပြီးအထဲသို့ ဂမူးရှူးထိုး တိုးဝင်လိုက်ပါ၏…။ ထိုကဲ့သို့ ကကြီး ရန်ကုန်မှ ဘတ်စကားများထဲတွင် စပါယ်ယာ ထိုးထဲ့ခံရသော ခရီးသည်လို ၀ရုန်းသုန်းကား တိုးဝင်လိုက်သည် ဆိုရင်ဘဲ……
“” ဟေ့…..ဟေ့…. ဘယ်လိုလဲကွ….”” “ဘယ်လို ကောင်လဲကွ….”
“” ဟာ… ဟေ့ကောင် တန်းစီလေကွာ….. ကြားမဖြတ်နဲ့ ဒါရုပ်ရှင်ရုံ လက်မှတ်တန်းစီနေတာ မဟုတ်ဘူးကွ””
“”ဘယ်ရပလွတ် ကလာ တဲ့ကောင်လဲ ကွ…””
ဟုသော ထောပနာပြုသံ ….. ရန်လို အမုန်းပွားသံများ ထွက်လာပါတော့ ၏…။ ထို့ကြောင့် ကကြီး လဲ သူတို့အား သူတို့စွပ်ဆွဲသ
လို မဟုတ်ကြောင်းနှုတ်လှန် ထိုးလိုက်လေ၏..။
“” ဘာလဲဗျ……. ဘာလဲဗျ….ကျုပ်က ခင်ဗျားတို့လို ပြဿနာ ရှိတဲ့ကောင်မဟုတ်ဘူး….ကျုပ် အောက်က အင်မီဂရေးရှင်းမှာ အစစ်ခံ
ခဲ့ပြီးပြီ…. ဘာတွေလဲ ခင်ဗျာတို့က ….. လူကိုများ ရပလွတ်ကလာသလေး ဘာလေးနဲ့ ….. ဟွန်း..””
ကကြီး၏ ရုတ်ချည်းပြန်ပက်လိုက်သော ချက်ကျလက်ကျ စကားကြောင့် ထိုလူများ ရုတ်တရက် ဆွံအ ကုန်ကြ၏…။ ပြီးနောက် အချင်း ချင်း တီးတိုး တီးတိုး စကားဆိုလိုက်….. ကကြီးကို ကြည့်လိုက် လုပ်ကြ၏…။ ကကြီးကတော့ သူမျာျးနှင့်ကိုယ်မတူ တမူလထူးခြားလျှင် ဘုမသိ ဘမသိ ဇောင်းထတက်သော မြန်မာ လူမျိုးတို့ လုပ်တတ်သော ဟန်ပန် အမူအရာအတိုင်း…. မျက်နှာကို အနားတွင်ရှိနေသော လူအားလုံးနှင့် ကိုယ်နှင့် မတူသလို မတန်သလို မာထန် တွန့်ခေါက် ထားလိုက်၏…။
ထိုကဲ့သို့ ကကြီးနှင့် တန်းစီနေသောလူများ ရုန်းရင်ဆန်ခတ် ဖြစ်နေသော အဖြစ်အပျက်အား ခုံတွင်ထိုင်နေသော ယူနီဖောင်း အဖြူရောင်ဝတ် ခန့်ခန့်ချေချော လူတစ်ဦးမှ မြင်တွေ့သွားပြီး …..
“” ကဲ ကဲ ဟို အကိုကြီး ပြပါဦး….. အကို့ စာရွက်တွေ အကို့က အောက်မှာ အစစ်ခံခဲ့ပြီးဆိုတော့ ဗီအိုင်ပီ ထင်တယ်…. ဒါဆို ဒီ
က အကိုတို့ ၀င်ရတာ မဟုတ်ဘူးဗျ..””
“” အေးဗျာ…. ကျူပ်လဲ ခရီးက မသွားတာကြာတော့ သိပ်မသိတော့ ဘူးဗျာ””
ထိုဝန်ထမ်း စကားအဆုံးတွင် ခပ်တည်တည် နှင့် မျက်နှာကို တည်တည်ထားကာ လှိမ့်ထဲ့လိုက်၏..။ သို့သော် ကကြီး၏ စာအုပ်နှင့်
လေယာဉ်လက်မှတ်ကို ထို ၀န်ထမ်း ယူကြည့်ပြီးနောက် ဟက်ဟက်ပက်ပက်ရယ်ကာ ….
“”နေပါဦးဗျ အကိုက အောက်မှာ အစစ်ခံခဲ့ ပြီးပြီးဆိုတော့ ဘယ်နားမှာ အစစ်ခံခဲ့တာလဲ ဗျ.””
“”ဒီမှာလေဗျာ… ဒီမှာ ကျွန်တော်ကို စစ်ခဲ့တဲ့ အမျီုးသမီးတောင် ကျွန်တော့်မှာ ရှိုးမန်းနီးမပါလာလို့ ကျွန်တော့်ကို ဟိုဘက်အင်မီဂရေးရှင်းက မ ရစ်အောက် ထောက်ခံပေးလိုက်သေးတယ်…””
“”ပြပါဦးဗျ… ဒီ ပြည်ပထွက်ခွာ လူဝင်မှုကြီးကြပ်ရေးဌာန မှာ ကျွန်တော် တာဝန်ထမ်းဆောင်နေတာ ၁၃ နှစ်ရှိပြီ ဒါမျိုးတစ်ခါမှ မကြားဖူးဘူး””
ပြောလဲပြော ဆိုလဲဆို ကကြီးပေးသော စာရွက်ကို ၄င်းမှ ယူကြည့်လေတော့၏။ ကြည့်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း အားရပါးရကို အော်ဟစ်ကာ အတောမသတ်နိုင်အောင်ရယ်မောလေတော့၏ ….။ ထို့ အပြင် သူတစ်ယောက်တည်း ရီရတာ အားမရနိုင်ပဲ သူနှင့်အတူ တာဝန်ထမ်းဆောင်နေသောသူ များကိုပါ ပြကာ အားရပါးရ ရယ်ကြလေတော့၏…။
“” ဟား…ဟား…ဟား…..ဒါက လေယာဉ်လက်မှတ်ယူပြီး ခုံနေရာသတ်မှတ် ပေးတဲ့ စာရွက်ဗျ …..ဒါက အကို အထုပ်ကို ဟိုလေ
ဆိပ်ရောက်ရင် ထုတ်လို့ရအောင် ပေးထားတဲ့ လက်မှတ်ဗျ……ဟား ဟား ဟား…. ဟီးဟီးးး… နောက် အကိုတွေ့ခဲ့တာ ကျွန်တော်
တို့ အင်မီဂရေးရှင်းလို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန က ၀န်ထမ်းမ ဟုတ်ဘူးဗျ….. အမ်အေအိုင်… အခု အကို စီးမယ့် လေ ကြောင်းလိုင်းက လက်မှတ်နေရာချ အထုပ်သိမ်း ၀န်ထမ်းဗျ….ဟစ်….ဟစ်…ဟ် ရယ်ရတယ် ဗျာ..””
“”နိုး….ဒါဆို ကျွန်တော့်ကို ဘာကိစ္စ ဟိုဟာပါလား ….. ဒီဟာ ပါလား …..ဆိုပြီး အော်ငေါက်နေရတာလဲ ဗျ…. နောက် ကျွန်
တော်တို့ အင်မီဂရေးရှင်းက ရစ်တယ်ဆို….””
“” ဘယ်ကလာဗျာ…… ဒါတွေက အရင်ကပါ….. ခုဒီလိုတွေ မရှိတော့ပါဘူး…. ရှိလဲ လေဆိပ်မှာ ချက်ချင်း တိုင်လို့ရပါတယ်….
ချက်ချင်း အရေးယူဆောင်ရွက်ပေးပါတယ်…..””
…… ထိုစကားနှင့် ဖြေရှင်းချက်ကိုကြားမှပင် ကကြီး၏ အင်မီဂရေးရှင်း ၀န်ထမ်းနှင့် အမ်အေအိုင် လေယာဉ်ဝန် ထမ်း လွဲမှား မှုကို အရှက်ကြီးရှက်ကာ လေယာဉ်သို့သွားရာ တံတား ဂိတ်ပေါက်သို့ ၀င်ရာ လမ်းတွင် ခြေပြစ်လက်ပြစ် ထိုင်ချလိုက်မိပါ တော့သည် …။ ပါးစပ်မှလဲ…..
“” ငါ့နှယ်နော် မတွေ့ဘူး…မကြုံဘူးပါဘူး….. မေးရမယ့်လူတွေက မမေး ..မမေးရမယ့်  လူတွေကမေး…. သြော်…အိုးကမပူ
စလောင်းကပူ ဆိုတာ ဒါမျိုးပါလား ကွယ်ရို့….. ဒီလိုပုံနဲ့ဆို အမ်အေအိုင် ၀န်ထမ်းဆိုတာ ကြည်မြင်တိုင် ညဈေးက လူနဲ့ မခြားပါလား ကွယ်…. “”….
( နောက်မကြာမှီလာမည့် ကကြီး ၏ “”ပြောရဦးမယ် အပိုင်းနှစ် က အမ်အေအိုင်”” ကို ရင်တဖိုဖိုနဲ့ စောင့်မျှော် ဖတ်ရှု့ပေးကြပါကုန်..။)
ကကြီး.။ (၂၉.၉.၂၀၁၂)
“
Comment #1
ဖတ်သွားတယ်ဗျာ