တုနှိုင်းမဲ့ရင်ခွင်သို့ 
မေမေဟာကျွန်တော့်အမြင်မှာတော့ မကောင်းပါဘူး
ဘာလို့လည်း ဆို သူဟာ သူ့ သား/သမီးလေးတွေကိုမှ ကလေးလေးတွေထင်
မီးပူမှာကြောက်ရအအေးမိမှာစိုးရနဲ့ ပုတီးချလို့  သား/သမီးဇောတွေပိုက်ထားခဲ့သူမို့ ။
မေမေဟာ အလွန်ကပ်စေးနဲတဲ့သူဖြစ်တယ်
သူ့တစ်ဘ၀လုံးမိသားစုသီချင်းတပုဒ်ကိုသာ ခုံမင်စွာသီကျူးရင်း
လောကကိုကျောခိုင်း အိမ်စည်းရိုးကိုသာ အထပ်ထပ် ဓားထမ်းလို့  ကာကွယ်နေသူမို့ ပဲ။
မေမေဟာသိပ်စပ်စုလွန်းတယ်
သား/သမီးတွေမျက်နှာ ညှိုရင် ဘာ့ကြောင်ညိုသလည်း
သား/သမီးတွေငိုတဲ့အခါ မျက်ရည်ခြွေလက်ကို ခက်ခဲကြိုးပမ်းစွာဖွေရှာ
သား/သမီးတွေရဲ့ အမူအရာတွေပေါ်မှာသာ ရက်စွဲတွေကို ပေးအပ်လို့ 
သူ့ကိုယ်သူကိုယ်ယောင်ဖျက်ထားသူလည်းဖြစ်ခဲ့ရဲ့။
မေမေ
တကယ်..မေမေဟာတော်တော် မကောင်းတဲ့သူ
သား/သမီးတွေအတွက်ဆိုအရောင်ပြောင်းမြန်လို့ 
စစ်သူကြီးပမာမိုးကောင်းကင်ကြီးပမာ မြေသားထုပမာ
နံရံကြီးပမာဘောလုံးကြီးပမာ
နှင်းပွင့်လေးတွေပမာ
လိုအပ်ရာနေရာမှာ သရုပ်ဝင် စီးဝင်နစ်မျော
ဘ၀အမောတွေကိုလည်းမြတ်နိုးစွာဖွေရှာခဲ့တယ်နော်
မေမေမှန်ကြည့်ဖြစ်ရဲ့လား?
မေမေ ဘာဖြစ်ချင်ခဲ့သလည်း?
မေမေဘာလိုချင်ခဲ့ဖူးသလည်း?
မေမေဘာစားချင်ခဲ့ဖူးသလည်း?
မေမေ့ အတ္တတွေကရော ဘယ်မှာလည်း?
မေမေ့ပင်ပန်းမှုတွေကရော ဘယ်မှာလည်း?
(အဲလိုမေးခွန်းလေးတွေ)
မေမေ ကိုယ့်ကိုယ်ကိုယ်မေးဖြစ်ခဲ့ရဲ့လား?
(ကျွန်တော် တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်)
တခါတလေကိုယ့် ဘ၀လေးကိုယ် ဖွေရှာလို့  ကိုယ့်အတွက် ဆိုတဲ့အတ္တလေးကိုအရောင်တောက်ပပါစေလား?
မေမေ
စုန်ရေတသွင်သွင်စီးနေတဲ့ နှလုံးသားနဲ့ သိပ်လှနေတဲ့ မေမေ
ဇရာအပြုံးတွေအောက်မှာ ဘယ်တော့မှ အမုန်းတွေ မပါခဲ့ဘူးတဲ့ မေမေ
အကြိမ်ကြိမ်အထပ်ထပ်ဖြစ်တည်မှုတွေ နစ်မြုပ် မြိုသိပ်လို့  ပေးဆပ်မှုတွေနဲ့ အရောင်အသွေးတောက်ပနေတဲ့မေမေ
ပညာတတ်တွေမွေးဖွား ယုယ လို့  ပညာ မစုံ နောက်ခံမကောင်း ပဲ လောကဓံကို စိတ်ခေါ်ရဲခဲ့တဲ့မေမေ
ဘယ်လိုအနစ်နာခံမှုမျိုး ဘယ်လိုစတေးခဲ့ရမှုမျိုး ဘယ်လို မေတ္တာမျိုး ဘယ်လို စကားလုံးတွေနဲ့မှယှဉ်ပြိုင် ဖော်ကျူးနိုင်စွမ်းမရှိတဲ့
ကျွန်တော့်ရဲ့ တုနှိုင်းမဲ့ မေမေ
ဘ၀စက်တိုင်းမှာခြေဖမိုးတစ်စုံ ထက် မျက်နှာအပ်လို့  ရှိခိုး ကန်တော့ အိပ်စက်ခွင့်ကို ရ ရ ပါစေသား
မေမေ့သား/သမီး ဆိုးလေး ကျွန်တော် တောင်းဆု အခါခါ ပြုရင်း
ဒီနွေဒီအချိန်မှာ ဒီစာသားလေးတွေနဲ့ ဆက်သ ခဲ့ပါတယ် မေမေ အေးမြ ချမ်းမြေ့ စွာ ပျော်ရွှင်နိုင်ပါစေ။
(။ကျွန်တော်မလိမ်မာပေမယ့် မေမေ့ကိုတော့ သိပ်ချစ်တယ်ဆိုတာ ယုံ)
အသဲကွဲ မိုး (၁၂.၅.၂၀၁၃)
Comment #1
ခံစးမိသွားပါသည်