မိုးတိမ်စီးမိတဲ့ ခရီး
အ နေတဲ့ ညနေတွေကို မေ့ထားပြီး ကိုယ် ခရီးတစ်ခုထွက်တယ်
ကဗျာတစ်ပုဒ်ကို ပန်ဆင်ပြီး မိုးလိမ်တွေကို စီးနင်းလို့ပေါ့
ကောင်းကင်ပေါ် ရောက်တုန်းရောက်ခိုက် ကြယ်တွေကို ပွေ့ဖက်နှုတ်ဆက်လိုက်တယ်
သံသယသန့်စင်တဲ့ နေရာတစ်ခုကို ညွှန်ပါလို့ပြောတော့
နှလုံးသားတစ်ခုဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါလေရော …
ဒါနှင့် အဲဒီ့နှလုံးသားကို မေးလိုက်တယ်
ပကာသနမပါတဲ့ အချစ်သန့်သန့် အလွတ်တစ်ပွဲမှာချင်လို့ ဘယ်မှာရမလဲလို့
မဆီမဆိုင် နှစ်ဆယ့်တစ်ရာစုက သည်းကြီးမည်းကြီးထငြင်းတယ်
မရဘူးကွ ဘယ်မှာမှ မရဘူးကွ
နှလုံးသားက မဲ့ပြုံးတစ်ချက်ပြုံးတယ်
အင်း ဟုတ်ပြီလေ
ဒါဆို အလွမ်းမခတ်ထားတဲ့ အမြည်းပဲပေးပါတော့
အကောင်းဆုံး အချစ်ဝိုင်တစ်ခွက်ပါပေး
များများမူးလေ ကောင်းလေ
နှစ်ဆယ့်တစ်ရာစုက ခပ်လှောင်လှောင်ကြည့်တယ်
နှလုံးသားကိုယ်တိုင်ကတော့ ခပ်ဆိတ်ဆိတ်ပဲ
ဘာဆိုဘာမှ မပြောဘူး
နောက်တော့
ကိုယ့် လက်ဖ၀ါးထဲကို နောင်တတွေထည့်ပေးတယ်
ကိုယ့် ဆံနွယ်တွေထဲက တစ်ခုတည်းသော ကဗျာကို ငယ်ပေါင်းတွေလို နမ်းရှုပ်တယ်
ကိုယ့် ပိုးထားတဲ့ သံသယ၀န်ထုပ်ကို ဆွဲနှုတ်တယ်
ကိုယ့် မာနတွေကို သွန်ချပစ်တယ်
ဒါနှင့် သိပ်မကြာပါဘူး
ကြယ်တွေကတဲ့ ညမှာ နှလုံးသားနှင့် ကိုယ် အတူတူကခုန်မိပါလေရော
မပြန်ချင်တော့ဘူး
အသိတစ်ချက်ဝင်လာတယ်
ကိုယ်က လမ်းခုလတ်မှာမဟုတ်လား
ပြန်တော့မယ်
ဘာမှမတွေ့ဘူး
ရှေ့မှာ ဘာဆိုဘာမှမတွေ့တော့ဘူး
ကိုယ် လမ်းပျောက်နေပြီလားလို့ မေးတော့ နှလုံးသားက မသိလိုက်မသိဖာသာနေ နေ တယ်
ကယ်ပါ
ကျေးဇူးပြုပြီး ကိုယ့်ကိုကယ်တင်ပါ
အားကိုးရလိုရငြား နှစ်ဆယ့်တစ်ရာစုကို ကြည့်မိတဲ့အခိုက် .. ခုနကအတိုင်းလိုပဲ လှောင်ပြုံးပြုံးတယ်
ကြယ်တွေကို ပြန်လှည့်ကြည့်တော့ ကြည်စင်တဲ့အပြုံးတစ်ချက်ပဲ ရတယ်
အဲဒီ့ အပြုံးနှစ်ခု အရသာကွာတယ်
အကူအညီ မဖြစ်ဘူး
ရုန်းစမ်း
ကိုယ့်အားကိုယ်ကိုးပြီး ရုန်းထွက်လိုက်စမ်း
တင်းခံနေတဲ့ ကိုယ့်ရင်ဘတ်ကို ဆွဲခွာတယ်
နှလုံးသားက အလွတ်ကြီး ကျန်နေခဲ့ရော
ဆက်သွားတယ်
ရှေ့မရောက်ဘူး
ဆက်ပြီး ထပ်သွားတယ်
ရှေ့ကို ထပ်မရောက်ပြန်ဘူး
ဒါဆို
လမ်းဆုံးပြီလား
ကိုယ် အသက်မဲ့ သွားတယ်
ဟုတ်ပါရဲ့
ကိုယ် ဘ၀ကြီး နွေဆန်သွားတယ်
နှလုံးသားမရှိတဲ့ ဘ၀ကြီးဟာ ရေမထိတဲ့ ပန်းတစ်ပွင့်လို ခြောက်နွမ်းလုမတတ်ဖြစ်လာတယ်
ဒါနှင့်
ဒါနှင့်
ဒါနှင့်
ပြန်သွားတယ်
နှလုံးသားက နှင်းပွင့်တွေလို လှလှပပ ပြုံးတယ်
ကိုယ်လည်း နှလုံးသားနှင့်အတူ ထာဝရကခုန်လိုက်မိတော့တယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service