ထိုနေ့သည် ၃ ရက်နေ့ဖြစ်သည်။
လူတို့တည်ဆောက်ထားသော မုခ်ဝများအောက်ခြေ၌
မျောက်တစ်ကောင် သူ၏ဘာသာဗေဒများ ရေးခြစ်ခဲ့သည်။
မင်းကတော့ တအံ့တသြနှင့် မြည်းစမ်းနေတုန်းလား။
ရံဖန်ရံခါ ဘီသိုဗင် မိုးဇတ်တို့၏တေးသွားလို ချွဲ့နွဲ့တတ်သည့်သူမသည်
ငါ၏ အချစ်ဖြစ်၏။သူတို့ အုပ်စုလိုက် ဖြတ်သွားကြသည်။
စကားသံများ ဂီတာကြိုးထိခတ်စမ်းသပ်သွားသံများသာ
ညပေါ် ကျကျန်ရစ်ခဲ့၏။သူမသည် လရောင်တွေ့မြင်ချိန် နေရောင်ကို အလွယ်တကူမေ့
သွားသူဦးရေဘယ်နှစ်ယောက်မြောက်အဖြစ် မှတ်တမ်းတင်ခံရသနည်း။
ငါသည် ညဥ့်ဦးယံကို ကျော်ဖြတ်ရန်အတွက် ကော်ဖီတစ်ခွက်ကို
အတိတ်နှင့် ရောဖျော်ထားသည်။သူတို့နားမလည်ခြင်းသည်
ငါ၏ညံ့ဖျင်းမှု ဖြစ်နိုင်၏။သို့သော် ငါသည် ရှင်းပြရန် ဆန္ဒမရှိ။
ရှေးရိုးစဉ်လာတို့သည် အသစ်ဖန်တီးမှုတိုင်းကို ဆပ်ပြာပူဖောင်းဟု
လှောင်ပြောင်နေ၏။သူတို့သားသမီးများက ထိုဆပ်ပြာပူဖောင်းကိုသာ
လိုချင်ကြောင်းပူဆာသောအခါ သူတို့ အတိတ်မှာချောင်ထိုးခြင်းခံလိုက်ရသည်။
အဖိုးကြီးတစ်ယောက် မိုးလင်းတိုင်း ရေဒီယိုလေးတစ်လုံးကို
ဟန်ပါပါနှင့်နားထောင်ရင်း မြည်တွန်တောက်တီးနေတတ်သည့်အကြောင်း
သင်တွေ့ရှိခဲ့သည်မှာ ကြာပြီမဟုတ်လား။