အလင်းမျှော်စင် (မင်းခိုက်စိုးစန်)
အလင်းနိဒါန်း
ကျွန်တော်နှင့်သူမ ဝေးခဲ့ကြပြီ။ စကြာဝဠာနှင့်ချီကာ ဝေးကွာသော တစ်နေရာဆီမှ ကြယ်တို့၏ အလင်းသည်ပင် ကမ္ဘာမြေကို ရောက်လာနိုင်သေးလျှင် သူမထံမှ အလင်းတို့ကကော ကျွန်တော့်ဆီ ဘာကြောင့် ရောက်မလာနိုင်ရမှာလဲဟု တွေးမိ၏။ ဝေးသည်ဖြစ်ဖြစ်၊ နီးသည်ဖြစ်ဖြစ် သူမသည် ကျွန်တော်၏ အလင်းမျှော်စင်သာဖြစ်သည်။
(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်။
“မင်္ဂလာပါ”
(တခြားဘာမှ ပြောစရာမရှိမယ့်အတူတူတော့ “မင်္ဂလာပါ”လို့ပဲ ပြောကြတာပေါ့။) တကယ်တမ်း မင်္ဂလာရှိသည်ဟု ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ နံနက်ခင်းအတော်များများမှာ “မင်္ဂလာပါ”ဟု ပြောတတ်ရန် ပါးစပ်က အကျင့်ရနေသည်မှာ ကြာပြီ။ အားလုံးဟာ ဒီလိုပဲလား။ ဟိုး.. ကျွန်းပင်ထိပ်ဖျားက ဥသြငှက်တစ်ကောင်ကလည်း ပါးစပ်ကျင့်သားရစွာ တွန်ကျူးနေတာ ဖြစ်နိုင်ပါသည်။ မုတ်သုံမိုးဦးထဲမှာ ယိမ်းနွဲ့သွားသော ၀ါးရုံပင်များလည်း မတော်တဆ ကျင့်သားရမှုတစ်ခု ဖြစ်နေနိုင်ပါသည်။ စွယ်တော်ဖြူဖြူဖွေးဖွေးများသည် လည်းကောင်း၊ မြက်ခင်းပေါ် ကြွေကျနေသော အနီရဲရဲ စိန်ပန်းပွင့်များသည်လည်းကောင်း၊ မိုးရေအနည်းငယ် စိုစွတ်နေသော လိပ်ပြာတစ်ကောင်သည်လည်းကောင်း၊ ရွှေရောင်ဝါဖန့်သော အိပ်မက်တစ်ခုသည်လည်းကောင်း၊ အားလုံးသည် ကျင့်သားရမှုများပင်ဖြစ်၏။
အဲဒါပါပဲ။ အရာရာဟာ သဘာဝတရားကြီးရဲ့ ဥပေက္ခာဆန်လွန်းတဲ့ ကျင့်သားရမှုတွေပေါ်မှာ စိုက်ပျိုးထားတာမို့လို့လဲ အားလုံးဟာ မတော်တဆ လှပနေကြတာချည်းပါပဲ။ ကဲ.. သူတို့အားလုံးကို “မင်္ဂလာပါ”လို့ နှုတ်ဆက်လိုက်ရအောင်။ ပြီးလွယ်စီးလွယ် ပြောကြကြေးဆိုရင် သူတို့က အဲဒီလောက်နဲ့ပဲ တန်တယ်။ (တကယ်ဆိုလျှင် လူ့ဘ၀ကိုယ်တိုင်က သဘာဝတရားကြီးထဲသို့ မတော်တဆ ပြုတ်ကျလာခဲ့ပြီးမှ ကြီးကြီးကျယ်ကျယ် ကျင့်သားရနေကြတာ မဟုတ်လား။) သဘာဝတရားဆိုသည့် ခပ်ညံ့ညံ့ငနဲအကြောင်း သည်နေရာတွင် ပြောရန် အလိုမရှိပါ။
အသိစိတ်ကင်းမဲ့စွာ ဖြစ်ပေါ်နေသော မတော်တဆ လှပမှုများသည် ပေါ့တီးပေါ့ပျက် နိုင်လွန်းပါသည်။ (ကျွန်တော့်စိတ်ထင်ပြောရလျှင်) အသိစိတ်ရှိရှိ ကြေကွဲလွမ်းတမ်းတနေရခြင်းများက ပို၍ခမ်းနားကြီးကျယ်နက်ရှိုင်းသည်ဟု ထင်ပါသည်။
ထိုအလွမ်းများကို ကျွန်တော်တို့ကိုယ်တိုင် လက်ဖြင့် ဖန်တီးသွန်းလုပ်ခဲ့ကြတာ မဟုတ်လား။ ကျွန်တော်လွမ်းပါသည်။
ကျွန်တော်လွမ်းပါသည်။ ဝေးလွင့်ပျောက်ကွယ်သွားပြီဖြစ်သည့် သူမကိုလည်းကောင်း၊ “သူမစိုက်ပျိုးခဲ့သော သစ်ပင်ကလေး” ကိုလည်းကောင်း၊ ကျွန်တော်လွမ်းလိုက်မိသောအခါ ထိုအလွမ်းသည် မင်္ဂလာရှိသွားသည်ဟု ကျွန်တော်ထင်၏။ ထို ခဏတာကလေးတွင် ကျွန်တော် လှိုက်လှဲစွာ နှုတ်ဆက်မိပါသည်။
သစ်ပင်ကလေးရေ… မင်္ဂလာပါ။
(၂)
တစ်နွေလုံးလုံး မျှော်လင့်ခဲ့တာတောင်မှ
ဘ၀က ဘာပန်းမှ ပွင့်မပေးနိုင်ခဲ့ဘူး။
ငါ့ကိုယ်ငါပဲ ပြန်ပြီးခူးခဲ့တယ်။
လူဆိုတာ “ရူးနေတဲ့ ဥယျာဉ်”တစ်ခုပါပဲကွယ်
သူမနှင့်ကျွန်တော်တို့ နှစ်ဦးသည် ရူးသွပ်နေသော ဥယျာဉ်ကလေးတစ်ခုကို အတူတူ ပိုင်ဆိုင်ကြသည်။ (အနည်းငယ် ရယ်စရာကောင်းသလို ဖြစ်နေသော်လည်း ထိုကိစ္စသည် ကျွန်တော်တို့နှစ်ယောက်အတွက် အမှန်တကယ် လေးနက်ပါသည်။) သင့်အနေဖြင့် လှောင်ရယ်မောချင်ပါလျှင် ရယ်မောနိုင်လောက်စရာ တစ်ခုတည်းသော အချက်အလက်မှာ ကျွန်တော်တို့၏ ဥယျာဉ်ထဲတွင် သစ်ပင်တစ်ပင်သာရှိပြီး ထိုသစ်ပင်ကိုလည်း ဖန်ခွက်သေးသေးလေးထဲ၌သာ စိုက်ပျိုးထားခြင်း ဖြစ်ပါသည်။
ထိုသစ်ပင်ကလေးကို ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်သို့ အ၀င်လမ်းနံဘေးမှာ သူမက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ တွေ့တွေ့ချင်းမှာ သူက ထိုသစ်ပင်ကလေးကို အတန်ကြာအောင် ငေးစိုက်ကြည့်ပြီးနောက် တစ်စုံတစ်ရာကို တိုးတိုးကလေး ပြောကာ သစ်ပင်ဘေးတွင် ထိုင်လိုက်၏။ တုတ်ချောင်းကလေးတစ်ချောင်းဖြင့် (အပင်၏အမြစ်ကိုမထိခိုက်အောင်) မြေသားတွေကို ဖွဖွသာသာကလေး ယက်ထုတ်နေသည့် သူမ၏ လှုပ်ရှားမှုကို ကြည့်ရုံမျှနှင့်ပင် ထိုအပင်လေးကို သူမ တယုတယစိုက်ပျိုးထားဖို့ ရည်ရွယ်ထားလိုက်ပြီ ဖြစ်သည့်အကြောင်း ကျွန်တော် နားလည်ခဲ့ပါသည်။
သူမက အပင်ပေါက်စနကလေးကို လက်ဖ၀ါးပေါ်တင်ကာ ကျွန်တော့်ကိုပြသည်။ ဘာပင်ကလေးမှန်းတော့ သူမကော ကျွန်တော်ပါ မသိကြ။ (အပင်ပေါက်ခဲ့သည်မှာ အလွန်ဆုံး နှစ်ရက်သုံးရက်ခန့်သာ ရှိဦးမည်ဖြစ်သောကြောင့် သစ်ပင်သည် ပဲတီပင်ပေါက်ကလေးနှင့် တူနေ၏။)
“ဒီအပင်ကလေးကို အိမ်ယူသွားပြီး စိုက်ထားလိုက်မယ်” ဟု သူမကပြောသည်။ “ဒီအရွယ်ကလေးနဲ့ နေရာပြောင်းစိုက်လို့ ဘယ်ဖြစ်မှာလဲ၊ သေသွားမှာပေါ့”ဟု တားလိုက်၏။
သူမ ဘာမှပြန်မပြော။ ကျွန်တော်နောင်တရသွားသည်။ သူမ၏ မျက်နှာအမူအရာက “ဘယ်လိုနိဂုံးမျိုးနှင့် ရင်ဆိုင်ရ ရင်ဆိုင်ရ ဒီသစ်ပင်ကို စိုက်ဖြစ်အောင်စိုက်မယ်” ဟု အတိအကျ ကြေငြာနေကြောင်း တွေ့လိုက်ရသောကြောင့် ဖြစ်၏။ သေစမ်းကွာ…
ငါ ဘာဖြစ်လို့ တားလိုက်မိပါလိမ့်။ စိုက်ပစေပေါ့။ အဲသည်လို ခေါင်းမာတတ်တဲ့ မိန်းမတစ်ယောက်ဟာ ဆုံးရှုံးမှုတစ်ခုခုနဲ့ ကြုံတွေ့ဖို့ ထိုက်တန်တာပဲဟု ကျွန်တော်တွေးလိုက်သည်။
(ဘယ်လိုမှ မရှင်သန်နိုင်တဲ့ သစ်ပင်တစ်ပင်ကို စိုက်ကြည့်ပြီးနောက်မှ) အဲသည်သစ်ပင် သေသွားလို့ ခံစားရမယ့် ကြေကွဲဝမ်းနည်းမှုဟာ သူ့အတွက် သင်ခန်းစာတစ်ခု ဖြစ်စေလိမ့်မှာပေါ့ဟုလည်း ကျွန်တော် မျှော်လင့်လိုက်မိသေး၏။ (အထူးသဖြင့် မိုက်မိုက်မဲမဲ ထင်ရာလုပ်တတ်သော သူမရဲ့ ဥာဉ်ဆိုးအတွက် ထိုက်သင့်တဲ့ ဆုလဒ်ပေါ့။)
သည်သစ်ပင်ကလေး သေသွားမှာကတော့ သိပ်ကိုသေချာလွန်းနေသော ကိစ္စတစ်ခုဖြစ်သည်။
(၃)
ပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့
နံနက်ခင်းဟာ
အသင့်ဝင်လာခဲ့ဖို့ကောင်းတယ်။
လောင်းကစားပွဲမှာ
ကံကြမ္မာက ‘
မှောင်ရမယ်’ ဆိုတဲ့ဘက်ကချည်း နိုင်နေတာ
ငါ မခံချင်လွန်းလို့ပါကွယ်။
မိုးရေစက်တွေထဲမှာ နှစ်သက်မက်မောစရာကောင်းသော ကိုယ်သင်းရနံ့တို့ကို ထားရစ်ခဲ့ပြီ။ အမှားအယွင်းတစ်ခုလား၊ ကံဆိုးမှုတစ်ခုလား၊ ဘာပဲပြောပြော ရွှေရောင်ပါးပါးကလေး လက်နေသည့် သူမ၏ ခြေဖမိုးပေါ်မှာ မျှော်လင့်ခြင်းတွေအားလုံးကို စုပုံထားခဲ့ဖို့ မကောင်းတာ သေချာပါတယ်။ နာကျင်တယ်ဆိုတာ ဘာလဲဟု မသိနိုင်ခင်မှာပင် အိပ်မက်တွေ ငရဲမီးများ အကင်ခံရပြီး ပြာကျသွား၏။ အ၀ါရောင်ကို တိတိကျကျ မမြင်ဖူးသေးကြောင်း ၀န်ခံလိုပါသည်။ ကျွန်တော့်စိတ်ထင်ကို ပြောခွင့်ရလျှင် ထိုအရောင်သည် သူမ၏ ရယ်သံဖြစ်နိုင်၏။ သူမ သောက်လေ့ရှိသော စီးကရက်တစ်လိပ်၏ မီးလောင်သည့် ရနံ့လည်း ဖြစ်နိုင်၏။ တစ်နေ့ညက အိပ်မက်ထဲမှာ သူမလှမ်းကြည့်လိုက်သော အကြည့်တစ်ချက်ဖြစ်နိုင်၏။ ရက်စက်စွာ လှပသော သူမ၏ ပခုံးသားများလည်း ဖြစ်နိုင်၏။ တကယ်ဆိုလျှင် အ၀ါရောင်ဆိုသည်မှာ အားလုံးဖြစ်နိုင်ပါသည်။
သိပ်အများကြီး တောက်ပဖို့မလိုပါ။ အသက်ရှူခွင့်ရတယ်ဆိုရုံလေးဆို တော်ပါပြီ။ ဘယ်သူဟာ ပင်လယ်လို ရယ်မောဖူးလို့လဲ။ အနည်းဆုံး ပင်လယ်လောက်တောင်မှ လွတ်လွတ်လပ်လပ် လေတိုက်ခံခွင့်မရခဲ့တာ သေချာပါသည်။ ကဲ.. ရယ်ကြရအောင်၊ သင်္ဘောပျက်ကြီးတစ်စီးလို မှောင်မည်းတိတ်ဆိတ် ငြိမ်သက်နေတဲ့ အဆောက်အအုံနဲ့ လမ်းမတွေ လန့်ဖျပ်နိုးထသွားတဲ့အထိ ရယ်ပစ်လိုက်ကြရအောင်။ ညကို ဇောက်ထိုးကြည့်နေတဲ့ လင်းနို့တွေ ကြောက်လန့်ပျံပြေးသွားတဲ့အထိ ရယ်ပစ်လိုက်ကြရအောင်။ အလင်းရောင်တွေ ခုန်ပြီး ထွက်လာလောက်တဲ့အထိ ငါတို့ ရယ်လိုက်ကြရအောင်။ လာ.. ခြင်္သေ့တစ်ကောင်ရဲ့ ဟိန်းဟောက်ပုံမျိုးနဲ့ ငါတို့ရယ်ပစ်လိုက်ကြမယ်။ ငါတို့ကိုယ်ထည်ထဲကို စူးဝင်သွားတဲ့ မြားနဲ့ လှံသွားတွေ မီးဟုန်းဟုန်းတောက်သွားပစေ ငါတို့ရယ်မယ်။ ကံကြမ္မာမုဆိုးဟာ ငါတို့အလောင်းကောင်ရဲ့ ရယ်သံကို နားထောင်ပြီး ကြောက်လန့်သွေးပျက်သွားတဲ့အထိ နာကျည်းပင်ပန်းစွာ ငါတို့ ရယ်ကြမယ်လေ။ ဒါဟာ အ၀ါရောင်ဖြစ်နိုင်တယ်။ ဒါဟာ အလင်းဖြစ်နိုင်တယ်။ ဒါဟာ ပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့ ၀င်လာတဲ့ နံနက်ခင်းဖြစ်နိုင်တယ်။ ပြီးတော့ အဲဒါဟာ အရာရာကို ပြီးပြည့်စုံသွားနိုင်စေတဲ့ သူမလည်း ဖြစ်နိုင်တာပေါ့။
“သစ်ပင်ကလေး သေသွားပြီမဟုတ်လား” ဟု ကျွန်တော်က မေးလိုက်သည်။
“ဘာလို့ သေရမှာလဲ၊ မသေသေးဘူး” သူမက သံမဏိရောင်လဲ့နေသော လေသံဖြင့် ချက်ချင်းပြန်ဖြေ၏။ သည့်နောက် ကျွန်တော်နှင့် သူမ နှစ်ယောက်သား အခန်းပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားသော သစ်ပင်ကလေးကို သွားကြည့်ကြသည်။
သူမ သစ်ပင်စိုက်ထားပုံမှာ အတော်ရယ်စရာကောင်း၏။ ကလေးတစ်ယောက် ဆော့ကစားထားပုံနှင့် တူသည်။ ဖန်ခွက် ပုပုဝိုင်းဝိုင်းကလေး တစ်လုံးထဲတွင် သစ်ပင်ကလေးကို ထည့်ပြီး အမြစ်မြုပ်သည်ဆိုရုံ ရေဖြည့်ထား၏။ ဒါပဲဖြစ်သည်။
အဲသည်လို သစ်ပင်စိုက်နည်းမျိုးကို သူမ ဘယ်ကျမ်းစာအုပ်ကြီးတွေထဲက သင်ယူတတ်မြောက်လာပါလိမ့်။ သူမကို ခေါင်းမာတတ်အောင်၊ တဇွတ်ထိုးလုပ်တတ်အောင် (သူများနှင့် ကွဲလွဲစွာ စဉ်းစားတတ်အောင်) တွေးခေါ်ဖို့ သင်ကြားပေးနေသည့် သူမဖတ်နေကျ စအုပ်ထူထူကြီးတွေကပဲ ဖြစ်လိမ့်မယ်ထင်သည်။ တွေးရင်းနှင့် ကျွန်တော် ရယ်ချင်လာ၏။
“ဖန်ခွက်ထဲ ရေပေါလောထည့်ပြီး သစ်ပင်တစ်ပင် ပစ်ထည့်ထားလိုက်ရုံနဲ့ ရှင်သန်လာလိမ့်မယ်လို့ ထင်ထားရင်တော့ အတော် မိုက်မဲရာကျမှာပဲ၊ မြေကြီးမပါ ဘာမပါနဲ့”
သူမက…
“နိုး မြေကြီးမထည့်ချင်ပါဘူး။ မြေကြီးထည့်လိုက်ရင် သူ့အမြစ် ဖြူဖြူကလေးတွေကို ဘယ်မြင်ရတော့မှာလဲ”
သလိုက်ပါတော့။ သည်လိုမိန်းမမျိုးမှာလည်း စိတ်ကူးယဉ်တတ်တဲ့ နူးညံ့မှုတစ်ခု လုံလုံလောက်လောက် ရှိသေးတာကိုး။ ကျွန်တော်က “ဒါပေမယ့် အဲဒီလို ရေတွေအများကြီးနဲ့ စိမ်ထားရင် သူ့အမြစ် ပုပ်သွားမှာပေါ့ကွ။ နောက်ပြီး မြေကြီးမရှိဘဲနဲ့ အမြစ်က ဘယ်နေရာ သွားကုပ်တွယ်နိုင်မှာတဲ့လဲ။ ဖန်သားကို အမြစ်ကတွယ်ဖောက်ပြီး အစာတွေ၊ ဓာတ်ဆားတွေကို စုပ်ယူနိုင်လိမ့်မယ်လို့ မင်းက မျှော်လင့်ထားလို့လား”
သူမ မျက်လုံးများကို ထောင့်ကပ်ထားကာ ခေါင်းကို အသာငဲ့စောင်းထားရင်း တွေတွေဝေေ၀ စဉ်းစားနေ၏။ နှုတ်ခမ်းနီနီကလေးများ စုဝန်းနေပုံကို မြင်ရရုံမျှနှင့် သူမ အလေးအနက်တွေးနေမှန်း ကျွန်တော်သိလိုက်သည်။ ထိုခဏတွင် သူမ၏မျက်နှာသည် “အဖေပြန်လာလျှင် ဘာဝယ်ခဲ့ရမလဲ”ဟု အမေးခံရသောကြောင့် အဖြေရခက်နေသည့် ကလေးငယ်တစ်ယောက်၏ အမူအရာနှင့် တူနေလေသည်။ (ရိုးရိုးသားသားပြောရလျှင် အလွန်ချစ်စရာကောင်းသည့်အကြောင်း ကျွန်တော် ၀န်ခံရမည်ဖြစ်ပါသည်။) နောက် ခဏကြာသောအခါ သူက “ဒါဆို ဘာလုပ်ရမှာလဲဟင်” ဟု မေး၏။
ကျွန်တော်က
“ဆားနည်းနည်းနဲ့ မီးဖိုတစ်လုံးယူခဲ့”
“ဘာလုပ်ဖို့လဲ” သူမက နားမလည်နိုင်စွာ ပြန်မေးသည်။
ကျွန်တော်က
“မင်းက သစ်ပင်စိုက်ထားတာမှ မဟုတ်တာ။ ဖန်ခွက်ထဲမှာ ပဲတီပင်ပေါက်လို အပင်ကို ရေစိမ်ထားတာပဲ။ အဲဒီတော့ ဆားနဲ့ အောက်က မီးမြှိုက်လိုက်ရင် ဟင်းချိုတစ်ခွက်တော့ ဖြစ်သွားမှာပေါ့” သူမ စိတ်ဆိုးသွားပါသည်။
ထိုအချိန်က ပြတင်းပေါက်အပြင်အပတွင် အပြာရောင် မိုးတိမ်တွေ လွင့်မျောနေသည်ကို ကျွန်တော်မြင်ခဲ့ရသည်။ လေထုထဲမှာ ရနံ့စိမ်းစိမ်းတစ်ခုပါနေမှန်းကိုလည်း သတိထားမိခဲ့သည်။ နောက်ပြီး ကျွန်တော် သတိထားမိသလောက် ပြောရလျှင် ထိုနေ့က မိုးတိမ်များသည် တကယ်တမ်း “တိမ်”နှင့် သိပ်မတူလှပါ။ တိမ်တိုက်တစ်ခုသည် အခြားတိမ်တစ်ခုနှင့် မတူဘဲနှင့်လည်း ရေငွေ့တွေကို သယ်ဆောင်ကာ လွတ်လပ်စွာ လွင့်ပါးသွားလာနိုင်ခွင့် ရှိပါသည်။
(၄)
တစ်ခုခုကို ယုံကြည်ပစ်လိုက်ဖို့ရာ
ဘ၀မှာ တကယ်လိုတယ်
တစ်နေ့ကို ၂၄ နာရီရှိတယ်လို့
ကျွန်တော်တို့အားလုံး ယုံကြည်မှ
လက်ပတ်နာရီချင်း တိုက်ညှိလို့ ရသလိုမျိုး
(သိပ်ဆိုးဆိုးရွားရွားမဟုတ်ရင်)
ယုံကြည်ပစ်လိုက်ဖို့ကို လိုအပ်တယ်။
သူမပုံစံက တစ်စုံတစ်ရာကို လုံးဝ ယုံကြည်စိတ်ချထားသူတစ်ယောက်ပုံမျိုး ပေါ်နေ၏။ ဘုရားရေ… သူမ ဘာတွေကို ယုံကြည်ပြီး ဒီသစ်ပင်လေးကို စိတ်ချလက်ချ စိုက်ပျိုးခဲ့တာပါလိမ့်ကွယ် (ကံကြမ္မာကိုသော်လည်းကောင်း၊ နတ်ဘုရားနှင့် ဖန်ဆင်းရှင်များကိုသော်လည်းကောင်း၊ တန်ခိုး ဣဒ္ဓိပါတ်များကိုသော်လည်းကောင်း သူမက ယုံကြည်တတ်သူတစ်ယောက် မဟုတ်ပါ။)
အဲဒါကိုပဲ စဉ်းစားရခက်နေတာပေါ့။ ဟောဒီသစ်ပင်လေး ရှင်သန်စေရမယ်လို့ သူမကို ဘယ်လိုအရာကများ တိတိကျကျ အာမခံချက် ပေးထားပါလိမ့်။ ကြည့်စမ်း အဲဒီ ပိုင်ပိုင်နိုင်နိုင်ကြီး ရှိလွန်းတဲ့ အပြုံးမျိုးနဲ့ ငါ့ကို ပြုံးပြနေပြန်ပြီ။
ကျွန်တော့်စိတ်ထဲမှာ မခံချင်ဖြစ်လာ၏။ မိန်းမတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ သိပ်ကို ယုံကြည်စိတ်ချသေချာမှု ပြည့်ဝလွန်းနေသည့် အပြုံးတစ်ခု တပ်ဆင်ထားပုံမှာ ဘယ်လိုမှ မလိုက်ဖက်ဟု ကျွန်တော်ထင်သည်။ ရက်သတ္တနှစ်ပတ်လုံးလုံး သူမဆီ ကျွန်တော်သွားပြီး “သစ်ပင်ကလေး သေသွားပြီမဟုတ်လား”ဟု မေးတိုင်း သူမက ထိုယုံကြည်ပြုံးကို ပြုံးပြကာ ခေါင်းယမ်း၍ ဖြေသည်။ ထားလိုက်ပါတော့ တစ်ခါတစ်လေမှာ ဆိုးရွားလွန်းတဲ့ နိဂုံးတွေဟာ နောက်ကျပြီးမှ ရောက်လာတတ်တာပဲ မဟုတ်လားဟု ကျွန်တော်စိတ်ကို ဖြေတွေး တွေးလိုက်သည်။
သည်လိုနှင့် သူမ၏ သစ်ပင်ကလေးသည် မုတ်သုံလေငွေ့များ၊ ဇွန်လဆန်သော မြေကြီးစိုထိုင်းထိုင်းများနှင့် မိုးရေစက်များ၏ အကူအညီမပါဘဲ ရက်ပေါင်းနှစ်ဆယ်ကျော်ကျော် ဖြတ်သန်းလာခဲ့သည်။
တစ်နေ့ ကျွန်တော် သူမဆီသို့ရောက်သောအခါ ထုံးစံအတိုင်း “သစ်ပင်ကလေး သေသွားပြီမဟုတ်လား” ဟု မေးလိုက်သည်။ သူမက အနည်းငယ် စဉ်းစားရခက်သော မျက်နှာနှင့်
“သေတော့မသေသေးဘူး။ ဒါပေမယ့် အောက်ဆုံးက သစ်ရွက်တစ်စုံတော့ ၀ါပြီးကြွေကျသွားပြီ”
အဲ.. သူမအတွက် သင်ခန်းစာအမှတ်တစ် ရောက်လာပြီထင်ပါရဲ့။ ကျွန်တော် ကျိတ်ပြီး ၀မ်းသာနေမိသည်။ နောက် ကျွန်တော်နှင့် သူမ သစ်ပင်ထည့်ထားသော ဖန်ခွက်ကို သွားကြည့်ကြသည်။ သူမက ကြွေကျနေသော သစ်ရွက်အဖတ်သေးသေးကလေး နှစ်ခုကို ဆယ်ယူပြီး ပြ၏။
ကျွန်တော်က
“ဟင်၊ အဲဒါ သစ်ရွက်မှမဟုတ်တာ၊ ကော်တီလီဒွန် (Cotyledon) လို့ခေါ်တယ်။ အစေ့ရွက်ပေါ့”
“အစေ့ရွက်ဆိုတာ အရွက်ပဲမဟုတ်ဘူးလား”
“ဟင့်အင်း မတူဘူးလေ။ အဲဒါက အရွက်အစစ်မဟုတ်ဘူး၊ အစေ့။ အပင်ပေါက်လာတဲ့အခါ အဲဒီအစေ့က နှစ်ခြမ်းကွဲပြီး တစ်ခြမ်းစီက သစ်ရွက်တစ်ရွက်စီလိုလို ပုံမျိုး ဖြစ်သွားတယ်။ တကယ့်သစ်ရွက်အစစ်တွေ သစ်ပင်က ထွက်မလာနိုင်ခင်အထိ အဲဒီအစေ့ခြမ်းက အစိမ်းရောင်သန်းပြီး အစာချက်ပေးနေတာ။ အရွက်တု ဆိုပါတော့။ နောက်သစ်ပင်ရှင်လို့ တကယ့်အရွက်စစ်တွေလည်း ထွက်လာရော အဲဒီအရွက်ယောင်ဆောင်နေတဲ့ အစေ့ခြမ်းကလေးတွေက ၀ါပြီး ပိန်ရှုံ့ကြွေကျသွားရော”
သူမက အပင်ကို သေသေချာချာကြည့်ရင်း
“ဟုတ်တယ်၊ ဟုတ်တယ်။ ဒီမှာ အရွက်သေးသေးကလေးတစ်စုံ ထွက်နေပြီ ကြည့်” ဟု ၀မ်းသာအားရပြော၏။ ကျွန်တော် အနည်းငယ် စိတ်ညစ်သွားသည်။ သူမ၏ သစ်ပင်ကလေး ကောင်းစွာ ရှင်သန်စပြုနေပြီးဖြစ်သည့်အကြောင်း အတည်ပြုချက်ခိုင်မာအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသောကြောင့်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိ၏။
ကျွန်တော်က ရေထဲကျနေသော အစေ့ရွက် ၀ါနွမ်းနွမ်းကလေးများကို ဆယ်ယူလွှင့်ပစ်ရင်း “ဟုတ်တယ်၊ အရွက်စစ်ကလေး စထွက်နေပြီ။ အဲဒါကြောင့် အရွက်တုတွေ ကြွေသွားတာပေါ့။ အပင်သေလို့မဟုတ်ပါဘူး” ဟု စကားကို ထိန်းထိန်းသိမ်းသိမ်းပြောလိုက်၏။ သူမက ခေါင်းကိုငဲ့၍ ခဏကြာအောင် စဉ်းစားနေပြီးမှ “အင်းပေါ့၊ အစစ်တွေထွက်လာတဲ့အခါ အတုတွေက ကြွေပေးရမှာပေါ့” အနက်အဓိပ္ပါယ် ကျယ်ဝန်းသော စကားကို ပြောလေသည်။
ကဲ.. အဲဒီအမျိုးသမီးရဲ့ နားရွက်ကို နာနာဆွဲလိမ်ပစ်လိုက်ဖို့ မကောင်းဘူးလား။ အစေ့ရွက် (Cotyledon) ဆိုတာကိုတောင် ဘာမှန်းမသိဘဲ သစ်ပင်ကိုတော့ စိုက်ချင်သေးရဲ့။ ပြီးတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေလည်း ပြောတတ်သေးရဲ့။ ဟုတ်ကဲ့ပါခင်ဗျား၊ အကောင်းဆုံးကတော့ ခင်ဗျားရဲ့ အတ္တကို စိုက်ပျိုးပါ။ ခင်ဗျားရဲ့ အတတ်ပညာတွေကို စိုက်ပျိုးပါ။ ခင်ဗျားရဲ့ ဘာအတားအဆီးရှိရှိ ငါလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို စိုက်ပျိုးပါ။
သူမသာ ဥယျာဉ်မှူးတစ်ယောက် ဖြစ်ခွင့်ရမယ်ဆိုလျှင် (ကျွန်တော်ကတော့ သူမကို သစ်ပင်တွေ မစိုက်စေချင်ပါ) “ငါစိုက်တဲ့ သစ်ပင် ရှင်ရမယ်”ဟူသော သူမ၏ စိတ်ဓာတ်ကိုသာ မြေကြီးပေါ် ချစိုက်လိုက်ဖို့ရန် တိုက်တွန်းချင်ပါသည်။
ထိုဥယျာဉ်သည် ကမ္ဘာပေါ်တွင် အစိမ်းစိုဆုံး ဥယျာဉ်ဖြစ်မည်မှာ သေချာသည်။
(၅)
လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေတာ မဟုတ်ဘူး။
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
(ငါ့အပေါ်) ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင်တော်ပြီ။
အဲသည်ညနေသည် ငှက်တွေ အိပ်တန်းအပြန်စောကြသော ညနေတစ်ခုလည်း ဖြစ်ခဲ့သည်။ အဲသည်ညနေသည် မုတ်သုံလေပြင်းများ စိမ်းညို့မှောင်မည်းစွာ ရောက်လာစပြုသည့် ညနေတစ်ခုလည်း ဖြစ်ခဲ့သည်။ အဲသည်ညနေသည် အလင်းတွေ ရီဝေမှုန်ဝါးစွာ နှုတ်ဆက်ပြုံးပြသွားသော ညနေတစ်ခုလည်း ဖြစ်ခဲ့သည်။ အဲသည်ညနေသည် ရူးသွပ်မိုက်မဲစွာ အ၀ါရောင်လင်းလက် လှပသော ညနေတစ်ခုလည်း ဖြစ်ခဲ့သည်။ အဲသည်ညနေသည် ခရမ်းရင့်ရောင် ကတ္တီပါစောင်းကြိုးတို့ မနိုးသော အိပ်စက်ခြင်းဖြင့် အိပ်မောကျသွားသည့် ညနေခင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
နောက်ပြီး အဲသည်ညနေသည် ကျွန်တော့်ဘ၀တွင် ဘယ်တော့မှ မေ့ပျောက်၍ မရနိုင်တော့သည့် ညနေခင်းတစ်ခုအနေနှင့်လည်း တိတိကျကျဖြစ်ခဲ့သည်။
***
သေသေချာချာ ပြန်တွေးကြည့်လိုက်သည့်အခါများတွင် ကျွန်တော် မေ့ပစ်လိုက်သည့် ကိစ္စများ များစွာရှိသလို မေ့မရသည့် ကိစ္စများလည်း များစွာရှိသည့်တိုင် “မေ့တယ်ဆိုတာ ဘာလဲ” “မေ့မရဘူးဆိုတာဘာလဲ” ကျွန်တော် သဲသဲကွဲကွဲ နားမလည်ခဲ့ပါ။ သည်အတိုင်းသာမှန်လျှင် လွမ်းသည်ဆိုခြင်းကိုလည်းကောင်း၊ ချစ်သည်ဆိုခြင်းကိုလည်းကောင်း၊ မုန်းသည်ဆိုခြင်းကိုလည်းကောင်း ကျွန်တော်တို့ သဲသဲကွဲကွဲ နားမလည်ခဲ့သည်မှာ သေချာပါသည်။ အနည်းဆုံး အ၀ါရောင်ဆိုတာဘာလဲ၊ အနီရောင်ဆိုတာဘာလဲ၊ ခရမ်းရောင်ဆိုတာ ဘာလဲ၊ အစိမ်းရောင်ဆိုတာ ဘာလဲဟူသော မေးခွန်းမျိုးကိုပင် တိတိကျကျ အဖြေမပေးတတ်လောက်အောင် ကျွန်တော် ညံ့ဖျင်းခဲ့သည်မှာ သေချာပါသည်။
သို့သော် ထိုညနေကို ဖြတ်သန်းပြီးသည့်နောက်တွင် “မေ့မရဘူး”ဆိုသည့် ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို ကျွန်တော် နည်းနည်းရိပ်စားမိသလိုလို ရှိလာပါသည်။ တကယ်တော့ “မေ့မရဘူး”ဆိုသည်မှာ နှလံးသားအိမ်ခွံပေါ်တွင် အမြစ်တွေ နက်ရှိုင်းတွယ်ကုပ်ထားသော သစ်ပင်တစ်ပင် ပေါက်လာခြင်းပင် ဖြစ်ပါသည်။
သင် သိပ်မအံ့သြဘူးဆိုလျှင် ကျွန်တော့်နှလုံးအိမ်ပေါ်တွင် ပေါက်လာသော သစ်ပင်သည် သူမ ဖန်ခွက်ထဲ ထည့်စိုက်ထားသော သစ်ပင်ကလေးဖြစ်ကြောင်း ပြောပြချင်ပါသေးသည်။
ထိုနေ့ညနေက ကျွန်တော် သူမဆီသို့ ရောက်သွားခဲ့သည်။ “သစ်ပင်ကလေး သေသွားပြီမဟုတ်လား” ဟု ကျွန်တော်က မေးရင်း နှုတ်ဆက်လိုက်၏။ (နေ့စဉ်လိုလို တွေ့တိုင်း မေးနေကျဖြစ်သောကြောင့် ထိုစကားသည် ကျွန်တော်တို့နှစ်ယောက်ကြားတွင် နှုတ်ဆက်စကားလို ဖြစ်နေသည်မှာ ကြာပြီ။)
သူမမျက်နှာက တည်သွား၏။ မမြင်နိုင်သောအရာတစ်ခုကို လှမ်းမြင်နေရသလိုမျိုး တွေတွေကြီးကြည့်ကာ ငေးနေသည်။ သူမက အဲသည်လို ငေးကြည့်နေခြင်းကြောင့် ညနေသည် ညနေနှင့် ပိုတူသွားသည်ဟု ကျွန်တော်က ထင်လိုက်၏။ ခဏကြာမှ သူမက သက်ပြင်းတစ်ချက် ချလိုက်ပြီး အနည်းငယ် ရယ်မောသည်။
“အင်း … ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး” ဟု ဆိုကာ စကားကို တန်းလန်းဖြတ်ထား၏။
ကျွန်တော် ချက်ချင်းသိလိုက်သည်။ အဲ.. အပင်ကလေးတော့ သေသွားပြီပေါ့။
သူမ ဘာများဆက်ပြောလာမှာပါလိမ့်ဟု ကျွန်တော် ငြိမ်ငြိမ်ကလေး စောင့်နားထောင်နေလိုက်သည်။ သို့သော်.. အတန်ကြာသည်အထိ ဘာစကားသံမှ ထွက်မလာ။ တကယ်ပင် သူ့မှာ ဖြေစရာ စကားမရှိသလို ဖြစ်နေပုံရ၏။
ကျွန်တော် သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ မျက်ဝန်းများနှင့် တည့်တည့်ဆုံ၏။ သူမက ခေါင်းညိတ်ပြလိုက်သည်။ သြော်.. တကယ်ပဲ အပင်ကလေး သေသွားပြီကိုး။ သူမအတွက် ထိုက်သင့်သော ပြစ်ဒဏ်တစ်ခုအဖြစ်နှင့် နိဂုံးချုပ်ရမည်ဟု မျှော်လင့်ထားခဲ့သည့်တိုင် (တကယ်တမ်း ကျွန်တော်မျှော်လင့်ထားသလို) ၀မ်းမသာမိဘဲ ဖြစ်နေသည်။
ထိုစဉ် သူမက
“ရှင် ကျေနပ်တယ် မဟုတ်လား” ကျွန်တော်က “ဘာကို ပြောတာလဲ” “ဒီသစ်ပင်ကလေး စ,စိုက်ကတည်းက ရှင်က ‘ဒီသစ်ပင်ကလေး သေမှာပဲ’ လို့ ကြိုပြီး ဆုံးဖြတ်ထားတယ်လေ။ မဟုတ်ဘူးလား” ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။ သူက ဆက်၍ “နေ့တိုင်း ရှင်က ‘သစ်ပင်ကလေး သေသွားပြီမဟုတ်လား‘ လို့ မေးတယ်။ ရှင့်စိတ်ထဲမှာ တစ်နေ့မဟုတ် တစ်နေ့သေမှာပဲ ဆိုတဲ့ အစွဲက သိပ်သေချာနေတာကိုး။ ဟုတ်တယ်လေ။ ဒီသစ်ပင်လေး သေတာကတော့ သေမှာပဲ။ ဒါပေမယ့် ကျွန်မက ဘယ်လောက်ထိ ရှင်သန်နိုင်ဦးမလဲဆိုတဲ့ အမြင်နဲ့ စိုက်တယ်။ ရှင်နဲ့ ကျွန်မ ကွာတာ အဲဒါပဲ”
ဟိုး.. အဝေးဆုံးဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားသော ခြေသံကို ကြားရသည်ဟု ထင်သည်။ ရွှေစင်တစ်သိန်းခတ်ကာ သွန်းထားသော အလွမ်းတို့ကို ထားခဲ့ချေရော့မည်။ ဖျော့နွမ်းအိုမင်းနေသော နှလုံးသားကို မတီးခတ်ကြပါနှင့်။ ပန်းရောင်ရင့်ရင့် အကြည့်တစ်ချက်ကို သိမ်းဆည်း၍သာ တစ်သက်လုံး နေထိုင်သွားချင်ပါတော့သည်။ အိပ်မက်ထဲက ရယ်သံလိုမျိုး၊ တိုးညင်းခြောက်ကပ်လှချေရဲ့။ အဲဒီသစ်ပင်ကို ငါ့နှလုံးသားအိမ်ပေါ်မှာသာ စိုက်ထားလိုက်တော့ကွယ်။ “တစ်ချိန်ချိန်မှာ သေသွားလိမ့်မယ်ဆိုတာ သိနေကြချင်းအတူတူ ရှင်က ‘အဲဒီသစ်ပင်ကလေး ဘယ်တော့သေမလဲ’ဆိုတဲ့ အမြင်နဲ့ကြည့်တယ်။ ကျွန်မက ‘ဘယ်လောက်အထိ ရှင်သန်နေနိုင်လေမလဲ’ဆိုတဲ့ အမြင်နဲ့ကြည့်တယ်။ အဲဒါ ကွာခြားချက်ပဲ။ အဲဒါ ကွာခြားချက်ပဲ။ အဲဒါ ကွာခြားချက်ပဲ။ အဲဒါ….”
************
သင့်မှာသာ မျှော်လင့်ချက်တစ်ခုခု ရှိသည်ဆိုပါလျှင် ထိုမျှော်လင့်ချက်ကို ‘ဘယ်လောက်အထိ ရှင်သန်နိုင်လေမလဲ’ဟူသည့် အမြင်ဖြင့်သာကြည့်ရန် အကြံပေးလိုပါသည်။ ဝေးကွာလွန်းသော အရပ်တစ်နေရာရာဆီမှ ရီဝေမှုန်ဝါးသော နှုတ်ခမ်းသားတစ်စုံသည် ဘ၀ဖြစ်၏။ ပြုံးနေသည်လား၊ မဲ့နေသည်လား မသဲကွဲ။ ပုလဲစီခြယ်ကာ လည်တွင် သွယ်ရစ်ထားသည့်တိုင် သေချာမှုဆိုသည်ကို အပိုင်မရနိုင်တော့။ ငါတို့ကို မေ့လျော့ထားခဲ့သော လောကထဲမှာ ငါတို့က အရာရာကို မေ့လျော့ပစ်လိုက်ရန်သာ ထိုက်တန်ပါသည်။ ကတ္တီပါစဖြင့် ထုပ်ပိုးထားသည့် မြတ်နိုးခြင်းသေတ္တာ အံဝှက်ထဲမှာ မသေချာခြင်းများရှိသည်။ အဓိပ္ပါယ်မဲ့ခြင်းများ ရှိသည်။ သေခြင်းနှင့် အဆုံးသတ်သွားသည့် ဖြစ်ချင်သလိုဖြစ်နေသော ဘ၀တစ်ခုရှိသည်။ ကျောက်ဆစ်ပန်းပုတစ်ရုပ်ယောင် ဆောင်ထားသည့် နှလုံးသားတစ်ခုလည်း ရှိပါသည်။ ငါတို့က ဘ၀နဲ့ မထိုက်တန်တာလား၊ ဘ၀က ငါတို့နဲ့ မထိုက်တန်တာလား။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး စာရင်းရှင်းတမ်းမှာ ငါတို့က ရှုံးသွားတာချည်းပဲ များနေပြီ။ နီလဲ့တောက်ပသော ညနေအလင်းထဲမှာ အရာရာလှပနေကြ၏။ ဆည်းဆာတိမ်တောက်ချိန်ကို ‘အကျည်းတန်သူတို့ လှပချိန်’ဟု ရည်ညွှန်းကြသည်မဟုတ်လား။ ဘယ်သူက အကျည်းတန်သလဲ၊ ဘယ်သူက တကယ်လှပသလဲ။ မသေချာ။ ဆည်းဆာထဲမှာတော့ အားလုံးေ၀၀ါးစွာ လှပနေကြသည်။ ဘ၀ဆိုတာ ဒါပါပဲ။ မသဲကွဲ၊ ၀ိုးတ၀ါး၊ လှပတယ်ပဲ ထားလိုက်ကြပါတော့လေ။ ဆည်းဆာထဲမှာ အနက်ရောင်ငှက်တွေ ပျံသန်းလာကြပြီ။
လူ့ဘ၀ထဲမှာ တကယ်ရှင်သန်ဖို့ လိုအပ်သောအရာသည် ‘ဘယ်လောက်အထိ ရှင်သန်နေနိုင်လေမလဲ’ ဟုသည့် စိတ်အလင်းဖြစ်ပါသည်။
ကျွန်တော်နှင့်သူမ ချစ်သူတွေ မဖြစ်ခဲ့ကြသည့်အကြောင်း သင်တို့ကို ပြောပြထားရန် လိုအပ်မည်ထင်ပါသည်။ ကျွန်တော်က သူမကို ‘ချစ်တယ်’ဟု ဖွင့်ပြောတော့မည်လိုလို ကြိမ်ဖန်များစွာ ဖြစ်ခဲ့သော်လည်း တကယ်တမ်းတွင် သူမနှင့်ကျွန်တော် ဝေးကွာသည့် နောက်ဆုံးအချိန်အထိ ဘာမှမပြောဖြစ်ခဲ့ပါ။ ကျွန်တော်က သစ်ပင်ကလေး သေသွားမည့်အချိန်ကိုသာ စောင့်တွေးတတ်သူ ဖြစ်ပါသည်။
~~~~~~
မင်းခိုက်စိုးစန်
People မဂ္ဂဇင်း၊ ဧပြီလ ၂၀၀၄။
Comment #2
ဒါလေးတင်ပေးထားမှန်းကို မသိခဲ့တာပါဗျာ
ကျေးဇူးတင်ပါတယ် ဖြိုးဖြိုး
ကျွန်တော်အရမ်းကြိုက်တာ…. ဆရာမင်းခိုက်စိုးစန်ရဲ့စာလေးတွေကို
ကျွန်တော့ကိုမျှဝေသုံးစွဲခွင့်ပြုပါနော်…..
လေးစားလျက်
နိုးဆက်
Comment #1
တစ်နွေလုံးလုံး မျှော်လင့်ခဲ့တာတောင်မှ
ဘ၀က ဘာပန်းမှ ပွင့်မပေးနိုင်ခဲ့ဘူး။
ငါ့ကိုယ်ငါပဲ ပြန်ပြီးခူးခဲ့တယ်။
လူဆိုတာ “ရူးနေတဲ့ ဥယျာဉ်”တစ်ခုပါပဲကွယ်