နတ်သျှင်နောင်ဆိုရတုများ (၁) နိဒါန်း
မန္တလေးတက္ကသိုလ်ကျောင်း၊ သုတေသနအဖွဲ့
အုပ်ချုပ်သူ ‘ဦးကိုလေး’ ကျောင်းအုပ်ကြီး
ပုံနှိပ်ထုတ်ဝေပြီး
မောင်ချမ်းမြ (မဟာဝိဇ္ဇာဘွဲ့ရ) တည်းဖြတ်သော
စာစဉ် (၂) … စာအုပ်
တောင်ငူဘုရင်
နတ်သျှင်နောင်ဆိုရတုများ
—————————–
အောက်ပါမူသုံးစောင်ကိုသာ ရွေးချယ်၍ တအုပ်ကို မူရင်းတည်ပြီးလျှင် ကျန်စာအုပ် မူနှစ်စောင်နှင့် တိုက်ဆိုင် ပြင်ဆင်ခြင်း ပြုပါသည်။
(၁) ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ တစောင်
(၂) ရန်ကုန်မြို့ ၃၃-လမ်း ဟံသာဝတီ စာပုံနှိပ်တိုက်တွင် ၁၉၂၈ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ တစောင်
(၃) မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ တစောင်
အထက်ပါစာအုပ်မူ ၃-စောင်တို့အနက် ရန်ကုန် မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်ထုတ် စာအုပ်မူမှာ သတ်ပုံ ကာရန် အနေအထားမှစ၍ အခြားမူနှစ်စောင်ထက် သပ်ယပ်မှန်ကန်သည်ဖြစ်ရကား ထိုမူကို မူရင်းတည်ပြီးလျှင် ကျန်မူနှစ်စောင်နှင့် ညှိနှိုင်းတိုက်ဆိုင် ပြင်ဆင်လိုက်ရပါသည်။
မှာထားချက် – မူကွဲထုတ်ရာ၌ ရတုစာကိုယ်များ၏အောက်ခြေတွင် …
(၁) ရန်ကုန်မြို့ ဟံသာဝတီ စာပုံနှိပ်တိုက်ထုတ် စာအုပ်မူကို (ရ) အမှတ်အသား။
(၂) မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူကို (မ) အမှတ်အသား။
(၃) (ရ) မူတွင်သာပါ၍ (မ) မူတွင်မပါသော အပိုစာပိုဒ်များကို [ ] ထောင့်ကွင်းတွင်ထည့်သွင်း၍ ခွဲခြား မှတ်သား ထားပေ၏။
မူသုံးစောင်ခြားနားခြင်း
မူတည်ရင်း မြန်မာ့ကြက်သရေတိုက်ထုတ် စာအုပ်မူနှင့် မန္တလေး ဟံသာဝတီပိဋကတ်တိုက်ထုတ် စာအုပ်မူတို့မှာ တမူနှင့် တမူ များစွာ ထူးခြားကွဲပြားခြင်း မရှိလှပေ။ ဤသည်တို့ကို ထောက်လျှင် ထိုမူနှစ်စောင်လုံးသည် ပေမူရင်း တစောင်တည်းမှ ကူးယူကြဟန်တူ၏။ ရန်ကုန် ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်ထုတ် (ရ)မူ ၌ကား အထက်ဖော်ပြပါမူနှစ်စောင်တို့တွင် ပါရှိသည့် အချို့ရတုများကိုပင် မတွေ့ရသည့်ပြင် များသောအားဖြင့် ရတုများ၏ တတိယပိုဒ်ပါ စကားများကိုလည်း အခြား မူ နှစ်စောင်ရှိ ရတုများ၏ ဒုတိယပိုဒ်များ၌သာ တွေ့ရှိရလေသည်။
ရတုစာကိုယ်၏ အရေအတွက်မှာ ၆၇-ပုဒ်စီ အညီအမျှ ရှိကြသော်လည်း မူတည်ရင်းစာအုပ်နှင့် (မ)မူတွင် မပါသော ရတု စာကိုယ် ၅-ပုဒ်ကို (ရ)မူတွင် တွေ့ရပြန်သဖြင့် ထိုစာကိုယ်တို့ကို အခဏ်းသီးခြား၍ နောက်ဆက်တွဲတွင် ဖော်ပြလိုက်သည်။ ထို စာကိုယ် ၅-ပုဒ်တို့တွင် ပြည်နဝဒေးဆို ရတုတပုဒ်လည်း ပါဝင်နေပေသည်။ မူတည်ရင်းစာအုပ်နှင့် (မ)မူ နှစ်စောင်တွင် လည်း နဝဒေးဆိုသည်ဟုအယူရှိသော ရတုနှစ်ပုဒ် (ရာသီဘွဲ့များတွင်ကြည့်) အပြင် တောင်ငူမင်း အငယ် စာ၊ မင်းရဲနရာ စာ၊ မင်းရဲကျော်ထင်စာ၊ ရှင်ဝိစိတ္တာလင်္ကာရ စာ စသည်ဖြင့် မည်သူ့စာဟူ၍ အမှန်ကျနမသိသာသေးသော ရတုပုဒ်ရေ ၄-ပုဒ် ပါဝင်နေသေးသည်။ နတ်သျှင်နောင်ဖွဲ့ဆိုသည့်စာ ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ထိုစာတို့၏ သြဇ အာဘောဂတို့ကို ချင့်ချိန် ထောက်ဆ၍ ပညာရှိတို့ ဆုံးဖြတ်သင့်ကြသည်။
အခဏ်းကဏ္ဍ ပိုင်းခြားချက်
ဤ ‘နတ်သျှင်နောင်ရတု’ များကို ပုံနှိပ်ထုတ်ဝေရာ၌ အမှတ်အသားလွယ်ကူစေခြင်းငှာ အောက်ပါအတိုင်း အခဏ်းကြီး ၆-ခဏ်း ခွဲခြား၍ စီစဉ်အပ်ပါသည်။
အခဏ်း (၁) တွင် ဘုရားတိုင်ရတုများ ပုဒ်ရေ (၁၉)
အခဏ်း (၂) တွင် ရာသီဘွဲ့ရတုများ ပုဒ်ရေ (၂၆)၊ ထိုရာသီဘွဲ့ရတုများတွင် နွေဘွဲ့ရတုများ၊ မိုးဘွဲ့ရတုများ၊ ဆောင်းဘွဲ့ရတု များကို တပေါင်းတရုံးတည်း ထည့်သွင်းပါသည်။
အခဏ်း (၃) တွင် သစ္စာတိုင်ရတုများ ပုဒ်ရေ (၅)၊ ဤအခဏ်းပါ ရတုတို့တွင် မင်းသားက မင်းသ္မီးအား အမျိုးမျိုး မြှောက်ပင့် ဖွဲ့ဆို၍ သစ္စာထားသော သဘောမျိုးသက်ဝင်သောကြောင့် သစ္စာတိုင်ဘွဲ့ ဟူသောခေါင်းစဉ်ဖြင့် အခဏ်း သီးခြား ခွဲထုတ် ထည့်သွင်းရပါသည်။
အခဏ်း (၄) တွင် စစ်ချီရတုများ ပုဒ်ရေ (၆)၊ ဤစစ်ချီရတုများတွင် စစ်ချီအမျှော်စိုက်၊ စစ်ချီပူပုံဟူ၍ နှစ်မျိုးခွဲခြားရေးသားပါ သည်။ မင်းသ္မီးကမောင်တော်အားစစ်စခန်းမှမပြန်လာနိုင်သည့်အတွက်မျှော်မှန်းစိုက်ခေါ်သည့် မောင်ဘွဲ့ ရတုမျိုးကို “စစ်ချီအမျှော်စိုက်” ဟူ၍လည်းကောင်း၊ မောင်တော်မင်းသားကလည်း မင်းသ္မီး ရပ်ဌာန်သို့ စစ်ရေးစစ်ရာကြောင့် မပြန်နိုင်သေးသည်ဖြစ်ရာ နှစ်မတော် မင်းသ္မီးအတွက် ပူပင်သည့် သဘောမျိုး သက်ဝင်သည့် မယ်ဘွဲ့ရတုများကို “စစ်ချီပူပုံ” ဟူ၍လည်းကောင်း သီးခြားစီစဉ် လိုက်ရ ပါသည်။
အခဏ်း (၅) တွင် ကျေးစေရတုများ ပုဒ်ရေ (၁၁)၊ ဤအခဏ်းတွင် သစ္စာတိုင်ကျေးစေ၊ ထိုးကွင်းဘွဲ့ကျေးစေ၊ ကုလီသဘင် ဘွဲ့ ကျေးစေ၊ အစရှိသည်ဖြင့် ကျေးတမန်စေသည့် ရတုများကို ရုံးစု၍ စီစဉ်ခွဲခြားထားပါသည်။
အခဏ်း (၆) တွင် နောက်ဆက်တွဲရတုများ ပုဒ်ရေ (၅)၊ ဤအခဏ်းတွင် မူတည်ရင်းစာအုပ်နှင့် (မ)မူတွင် မပါဘဲ (ရ)မူတွင် သာ တွေ့ရသော ရတုစာကိုယ်များကို သီးခြားစီစဉ်ထားပါသည်။ ဤအခဏ်းပါရတုများသည် နတ်သျှင်နောင်၏ သြဇ အာဘောဂ ဖြစ်မည် မဖြစ်မည်ကို သုတေသီပုဂ္ဂိုလ်တို့ ချင့်ချိန်စေလိုခြင်း အလို့ငှာ ထည့်သွင်းအပ်ပါသည်။
Comment #1
အစ်ကိုအစ်မတို့ ရေ ဤသို့ကဗျာများစုဖွဲ့၍တင်ပေးထားခြင်းကိုအထူးကျေးဇူးတင်ရှိပါသည်။အကယ်၍ ဖြစ်နိုင်လျှင် နတ်ရှင်နောင်ရဲ့ သစ္စာတိုင်ရတုများရှိပါက တင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် အစ်ကိုအစ်မတို့ခင်ဗျား ။