နတ်သျှင်နောင်၏ အတ္ထုပ္ပတ္တိ (၃) – စာဆို စစ်ဘုရင်
စာဆို စစ်ဘုရင်
သီဟသူရ ဘွဲ့မည်ရင်းခံ တောင်ငူဘုရင်နတ်သျှင်နောင်သည် မြန်မာစာပေလောကတွင် ရတုဖွဲ့ဆိုခြင်း၌ အထူးထင်ရှားသော စာဆိုတော်ကြီး ဖြစ်ပေသည်။ စကားလုံးကြွယ်ဝသူဖြစ်သောကြောင့် အဓိပ္ပာယ်တူသော်လည်း၊ စကားလုံးချင်းမထပ် တူရအောင် သုံးစွဲနိုင်သဖြင့် ထူးခြားသည်။ အနုပညာဖြစ်သော စာဆိုမှု၊ တီးမှုတ်မှုတို့၌သာ လိမ္မာတတ်မြောက်သည် မဟုတ်၊ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသော လက်ရုံးရည်၌လည်း ကျွမ်းကျင်လေသည်။
နတ်သျှင်နောင်။ ။ မြန်မာစာပေလောကတွင် ရတုဖွဲ့နွဲ့ရာ၌ တံခွန်စိုက်ခဲ့သော နတ်သျှင်နောင်သည် သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် ရွှေနန်းကို သိမ်းမြန်းအုပ်စိုးတော်မူသော မဟာဓမ္မရာဇာဘွဲ့ခံ တောင်ငူရွှေနန်းတည်မင်း၏ သားတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင် ဖွားမြင်၏။ ဘွဲ့မည်ရင်းမှာ သီဟသူရဖြစ်သည်။ သက္ကရာဇ် ၉၇၁-ခုတွင် သီဟသူရဟူသောဘွဲ့ဖြင့်ပင် တောင်ငူရွှေနန်းကို ဆက်ခံသိမ်းပိုက်သည်။
နတ်သျှင်နောင်ငယ်စဉ်ကပင် အတီးအမှုတ်အဆိုတို့တွင် ဝါသနာပါတော်မူသည်။ တောင်ငူရွှေနန်းတွင် စောင်း၊ ငြင်း၊ ပတ်သာ တူရိယာ တတ်သူတို့ကို မွေးမြူချီးမြှောက်၍ ကိုယ်တော်တိုင်ကလည်း ထိုအတတ်များကို ကောင်းစွာ ကျွမ်းကျင်သည်။ သို့ဖြစ်ရကား၊ ရတုကဗျာဖွဲ့နွဲ့ရာတွင် ထို ဂီတပညာ၏ အထောက်အပံ့ကို များစွာရခဲ့၏။ အနုပညာဖြစ်သော ဆိုမှု တီးမှုတ်မှုတို့၌သာ လိမ္မာတတ်မြောက်သည်မဟုတ်၊ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသည့် လက်ရုံးရည်၌လည်း ကျွမ်းကျင်တော်မူ၏။ ဝါသနာလည်း များစွာ ပါသဖြင့်၊ နှစ်စဉ်နှစ်တိုင်း ပေါင်းလောင်းမြစ်၏ အနောက် သာယာလှသော မြေပြင်တွင် ဆောင်းလရာသီတိုင်း ဆင်ခင်း မြင်းခင်းပွဲကို ကျင်းပ၍၊ ဆင်မြင်းတို့၏ အရည်အချင်းကို စမ်းစေသည်။ ဦးရီးတော် ဟံသာဝတီဘုရင် စစ်ချီတိုင်း နတ်သျှင်နောင် မလိုက်မပါရသည့်အခါဟူ၍ မရှိ။ ထိုမျှသာမကသေး၊ ကိုယ်တော်၏ စိတ်ပျော်ရွှင်မှုကို အလေးပြုကာ သိုးဆောင်း တို့က ပိုလိုဟုခေါ်သော ဂူလီ (ကုလီ)သဘင်ကိုလည်း၊ မကြာခဏ ညီတော် ဦးရီးတော်တို့နှင့်အတူ ကစားတော်မူတတ်၏။ သာဓကပြဆိုရသော် နန်းတော် မြောက် ဈေးလမ်းကို အညီ ညှိစေ၍၊ မင်းညီမင်းသား မှူးမတ်အပေါင်းကို ဂူလီ ကစားပျော်ရွှင်စေသည်။ မိမိကိုယ်တိုင်လည်း ကစားပျော်ရွှင်တော်မူသည်။ ထို့ကြောင့်ပင်၊ ‘နေမင့်နွယ်ရင်း၊ မင်းထက်မင်းလျင်၊ သလင်းအုပ်စီ၊ နန်းမြေဝယ်၊ ကုလီသဘင်၊ မြင်းနှင့်ရွှင်၏။’ ဟု ’ဝေယန္တာတွင်’ ချီရတုတွင် ကုလီသဘင်ကစားပျော်ရွှင်ဟန်ကို စပ်ဆိုခဲ့ခြင်းပင်ဖြစ်သည်။
ရတုကဗျာစပ်ဆိုမှု၌ သူမတူအောင် လက်စွမ်းထက်သည့်ပြင်၊ စကားလုံးလည်း ကြွယ်ဝသူ ဖြစ်သည့်အလျောက် အဓိပ္ပာယ်တစ်မျိုးတည်းကို စကားလုံး အမျိုးမျိုးပြောင်း၍ ရေလဲနှင့် သုံးသွားနိုင်သူ ဖြစ်လေသည်။ တနည်းကား၊ ကြိယာတခုတည်းကို အဓိပ္ပာယ်အမျိုးမျိုးပေါက်အောင် အခြားအကူအညီ မယူဘဲ ရေးသားဖွဲ့နွဲ့တတ်သည်ဟူ၏။ အကြောင်းအရာတခုတည်းကိုလည်း စကားပရိယာယ် အမျိုးမျိုးဖြင့် ဖော်ပြတတ်သည်။ ပုံစံအားဖြင့် ‘တသောင်းရှစ်ပြန်’ ချီ ရတု၌ အခံပိုဒ် အလိုက်ပိုဒ်များကို အဓိပ္ပာယ်သဘောချင်း ထပ်တူဖြစ်သော်လည်း၊ စကားလုံး မထပ်ရအောင် သုံးစွဲခဲ့ပုံမှာ –
’တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊ ယုဂန်လှည့်သွား၊ လရထားနှင့်၊ နတ်သားနီးကြ၊ သောကာလတွင်၊ သောကဓမ္မာ၊ ဌာပနာသား၊ သစ္စာဉာဏ်ပေါင်း၊ မရှုတောင်းသည်၊ ညီနှောင်းနောင်စော မြတ်မုဋ္ဌော။ ။ ကြာမောနေ့ရက်၊ သက်ဆက်သည်ချည်း၊ မနည်းကုံးသီ၊ များလေပြီတည့်၊ နွှဲမှီတူစုံ၊ ဘုန်းချင်းဆုံကို၊ ကြေးမုံအသွင်၊ ရှုမြင်နေကျ ၊ ပါချင်လှ၍၊ ထိန်းယရွှေဘော်၊ လျှောက်ပါသော်လည်း၊ နားတော်မညွတ်၊ ဆင်းကြာနတ်သည်။ ။ နှုတ်လွှတ်မပါ မြွက်သောကြောင့်။’ ဟူ၍ အခံရတု တပိုဒ်ကို စပ်ဆို သီကုံးပြီးလျှင် -
’တသောင်းရှစ်မည်၊ လေးထောင်တည်ကို၊ ရစ်သည်လှည့်ပတ်၊ လပြာသာဒ်နှင့်၊ ရန်နတ်နီးခိုက်၊ သောစဉ်ကြိုက်ဝယ်၊ ထိန့်ရိုက်သပြေ၊ အာဏာမွှေသား၊ သရေဓမ္မ၊ သောကရွှေမှောက်၊ တည်ခဲ့မြောက်သည်၊ ကျောက်ဆောက်လျှံပြောင် (ကျောက်ဆောင်လျှံပြောင်)၊ မိတည်းနောင်။ ။ ရည်စောင် လနှစ်၊ အသစ်အသင့်၊ ကြားဆင့်လေသံ့၊ မပျံ့စဘူး၊ အမူးအမော်၊ ကြိုးသည်သော်ကား။ နားတော်ပျံ့ညောင်း၊ ညွတ်ချင်ကောင်းဟု၊ ရွေ(ရွှေ)ပေါင်းလှည့်ဖြား၊ လျှောက်ပါငြားလည်း၊ ရွှေသားမြလျှံ၊ မွတ်ညက်စံသည်။ ။ ချစ်သံမြွက် မခြည်သောကြောင့်။’ ဟူ၍ အလိုက်ရတုကို စီကုံးခြင်း ဖြစ်လေသည်။ ချစ်သူ ဓာတုကလျာ၏ ရူပါရုံကိုဖွဲ့နွဲ့သော ‘လှခေါင်ငြိမ့်’ ‘လှမျိုးကြွယ်’ ဟူသော အာလုပ်အခေါ်အဝေါ်ကလေးများသည် နတ်သျှင်နောင်၏ ကဗျာတို့တွင် အမျိုးမျိုးသော ဝေါဟာရကြွယ်မှုကို ပြပေသည်။ ဓာတုကလျာကား ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏ သမီးတော် ဖြစ်သည်။
ယင်းသို့ အဆင်းအင်္ဂါနှင့် ပြည့်စုံလှသော ဓာတုကလျာအား စွဲမက်နေရကား၊ စာအညုကဗျာကလေးများမှာ အဆန်းတကြယ်ထွက်ခဲ့၏။ ‘ရှစ်ဆိုင်ရွက်ကြာ’ ချီ စာတော်တွင်၊ ‘နှစ်ပြိုင်ဘက်ရာ(ရှာ)၊ ဝတိံသာမှ၊ စံရာစံထား၊ ရွေးခဲ့ခြား၍၊ သိကြားတမျှ၊ ပြိုင်လှာသလည်း၊ သော်တာ့ရောင်တွင်၊ ကြယ်နှယ်ထင်ဟု’ ဟူ၍ ကွင်းကွင်းကွက်ကွက်ပေါ်လွင်စွာ စပ်ဆိုခဲ့၏။ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများအပြင်၊ ဘုရားဘွဲ့ စစ်ချီရတု မိုးဘွဲ့ ရာသီဘွဲ့ စသည်တို့ကိုလည်း စပ်ဆိုခဲ့သေး၏။ အထူးသဖြင့် မယ်ဘွဲ့ မောင်ဘွဲ့ရတုများ၌ နတ်သျှင်နောင်၏ စာသည် မင်းနဝဒေးကြီး၏စာထက် သာလေသည်။ သို့ရာတွင် ဘုရားတိုင်ရတု ၌မူ နဝဒေးကြီးက နတ်သျှင်နောင်ထက် ဗဟုသုတသာကြောင်း ထင်ရှား၏။ (နဝဒေးကြီး-လည်းရှု။)
သက္ကရာဇ် ၉၇၄-ခုနှစ်တွင် သံလျင်မြို့စား ကုလားငစင်္ကာနှင့် မုတ္တမမြို့စား ဗညားဒလတို့ တောင်ငူသို့ချီတက်တိုက်ခိုက်ရာ၊ သံလျင်သို့ ပါသွားလေသည်။ အင်းဝဘုရင် မဟာဓမ္မရာဇာမင်းမြတ်သည် ထိုအကြောင်း ကြားတော်မူသဖြင့်၊ ထိုနှစ်တွင်ပင် သံလျင်မြို့ကို ချီတက်တိုက်ခိုက်ရာ အောင်မြင်သည်။
အောင်မြင်ပုံမှာ ဤသို့ဖြစ်၏။ သက္ကရာဇ် ၉၇၄-ခုနှစ် တန်ခူးလပြည့်နေ့တွင် မြန်မာသူရဲကောင်းတို့သည် အရှေ့မျက်နှာတံခါး၌ အစောင့်ထားသည့် ပေါတုဂီ ၁၂-ယောက်ကို ညဥ့်တချက်တီးကျော်တွင် ထိုးခုတ်သတ်ဖြတ်၍၊ မြို့တံခါးကို ဖွင့်ပေးသည်နှင့် မင်းမဟာဓမ္မရာဇာ၏ ရဲမက်တို့သည် တဟုန်တည်း ဝင်ကြသည်။ မြို့လေးမျက်နှာကလည်း တညီတညွတ်တည်း တက်ကြသည်နှင့် မခံမရပ်နိုင်ဘဲ၊ ထိုနေ့ မိုးလင်းတွင် သံလျင်မြို့ပျက်လေသည်။ သံလျင်ပျက်လျှင် ဗိုလ်မှူးငစင်္ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထိုနောက် မဟာဓမ္မရာဇာက ငစင်္ကာအား-
”ငါအကြိမ်ကြိမ် စာပေးမှာထားသည်။ ငါ့ရန်သူကို အပ်ရမည်ဆိုသည်ကို မပေးမအပ်နေသည်မှာ ယခုငါ့လက်သို့ ရောက်ပြီ။ အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်” ဟု မိန့်တော်မူလေသည်။
ပေါတုဂီဗိုလ်မှူးကလည်း “ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ်ကြောင့်တောင်းပန်ရမည်နည်း၊ အရှင်မင်းကြီး၏ ရန်သူ ဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရတော့အံ့လော၊ ကျွန်ုပ်အား မိတ်ဖွဲ့လာလျှင် ကျွန်ုပ်၏ မိတ်ဆွေ ခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည် ဖြစ်၍ စွမ်းဆောင်ပေသည့်ဓမ္မတာအတိုင်း တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီး၏လက်သို့ရောက်၍ ပြုလိုရာပြုနိုင်မည်ပင်ဖြစ်တော့သည်။ သို့ရာတွင် ကျွန်ုပ်နှင့်တောင်ငူမင်းမှာ သေလျှင်သေချင်း၊ ရှင်လျှင်ရှင်ချင်း၊ သစ္စာကတိ ကြီးစွာရှိသည်။ သေလျှင်လည်းအတူ၊ ရှင်လည်း အတူတူဖြစ်လိုသည်” စသည်ဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။ (ဒီဗရစ်တို-ရှု။)
တဖန် တောင်ငူမင်းကို စစ်မေးပြန်လျှင်လည်း “ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင် ဖြစ်တော့သည်။ ဤ ပေါတုဂီအမျိုးသားတို့နှင့် ပေါင်းယှက်၍ တသွေးတည်းတသားတည်းဖြစ်ပြီးရကား၊ သေဘေးကို ကြောက်သာတော့မည် မဟုတ်၊ ဓမ္မတာတမ်း ဖြစ်မြဲပျက်မြဲပင်။ ငါတယောက်တည်းသာ ဖြစ်ရပျက်ရသည် မဟုတ်၊ လက်သို့ရောက်သည်ဟု သတ် သော်လည်း ကိုယ်ကာယ အကောင်သာ သေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်” ဟူ၍ မိန့်တော် မူလျှင် တောင်ငူမင်းနှင့် ငဇင်ကာတို့ကို သက္ကရာဇ် ၉၇၄-ခု၊ တန်ခူးလပြည့်ကျော် ၃-ရက်၊ စနေနေ့တွင် သံလျင်မြို့ ဈေးလယ်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍ နတ်သျှင်နောင်ကို သံလျင် ရောက် မင်းတရား ဟူ၍ တွင်သည်။ နတ်သျှင်နောင်သည် ကွယ်လွန်သည့်အခါ၌ အသက် ၃၅-နှစ် အရွယ်မျှသာ ရှိသေးသည်။
မြန်မာ့စွယ်စုံကျမ်း။ အတွဲ-၆ (နီ-ပစ်) စာမျက်နှာ ၁၃၃-၁၃၅ မှ …
———-