ရာဇဓာတုကလျာ မင်းသမီးအကြောင်း
ရာဇဓာတုကလျာ မင်းသမီးအကြောင်း
သက္ကရာဇ် ၉၁၈-ခုနှစ်တွင် ဟံသာဝတီရွှေနန်းကို စိုးစံတော်မူသော ဘုရင့်နောင် ခေါ် ဆင်ဖြူများရှင် မင်းတရားကြီးနှင့် ရာဇဒေဝီ ဘွဲ့ခံ တပယင်းစတုဂါမဏိ သ္မီး ရှင်ထွေးလှ တို့နှင့် သင့်မြတ်ရာတွင် သားတော် ဇင်းမယ်ဘုရင် နော်ရထာစော၊ သ္မီးတော် ရာဇဓာတုကလျာ နှင့် သားတော်ငယ် သိင်္ဃဒတ္ထ ကို မြင်သည်။ ဆင်ဖြူများရှင် မင်းတရားကြီးသည် ဟံသာဝတီ မြို့တော်တွင် မဟာစေတီတော်ကြီးကို တည်တော်မူ၍ သက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်နေ့တွင် ဌာပနာ တော် မူသည့်အခါ မင်းညီမင်းသား ဆွေတော်မျိုးတော်အပေါင်းတို့သည် သောင်းသောင်းဖျဖျ ဓာတ်တော် မွေတော်တို့ကို ရွက်ပို့တော်မူကြသည်။ ထိုသို့ ဓာတ်တော် မွေတော်တို့ကို ရွက်ပို့တော်မူကြသည့် နတ်တော်လဆန်း ၁၄-ရက်နေ့၊ တနင်္ဂနွေ နေ့တွင် ရာဇဓာတုကလျာမင်းသ္မီးကို ဖွားသန့်စင်တော်မူသည်။ ဓာတ်တော်မွေတော်ကို ဌာပနာသည့်နေ့တွင် ဖွားမြင်သည် ကို အစွဲပြု၍ ရာဇဓာတုကလျာ တွင်သည်ဟု ရာဇဝင်ကြီးတွင် ဆိုသည်။ (အချို့ ပညာရှိများကမူ မင်းများနှင့်သာ ထိုက်တန် သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည်ဟု ဆိုကြကုန်သည်။)
ရာဇဓာတုကလျာသည် ငယ်စဉ်ကပင် ထူးခြားသော ရုပ်ရည်ရူပကာဖြင့် အပြစ်ခြောက်ပါးမှ ကင်းရှင်းပြီးလျှင် ကလျာဏ ငါးပါးနှင့်လည်း ပြည့်စုံသောကြောင့် ခမည်းတော် မင်းတရားကြီး၏ များစွာလေးမြတ်ချစ်ခင်ခြင်းကို ခံရသည်။ သားတော် သ္မီးတော်တို့ ကြီးပြင်းလာသည့်အခါတွင် မင်းတရားကြီးသည် နော်ရထာစောကို ဇင်းမယ်ဘုရင်အဖြစ်သို့ ချီးမြှင့်ပြီးနောက် သ္မီးတော် ရာဇဓာတုကလျာကိုလည်း ဟံသာဝတီတွင် တပင်တိုင်နန်းနှင့်ထား၍ ဧချမ်းစွာနေထိုင်စေသည်။ မင်းတရားကြီး နတ်ရွာစံ၍ အိမ်ရှေ့ကိုယ်တော်ကြီး ငါးဆူဒါယကာမင်း နန်းတက်တော်မူသော် ရာဇဓာတုကလျာကို တပင်တိုင်နန်းနှင့် ထားမြဲထားပြီး ရှေးအတိုင်းပင် နေထိုင်စေသည်။ ငါးဆူဒါယကာမင်း၏ သားတော်ကြီးဖြစ်သူ အိမ်ရှေ့စံ မဟာဥပရာဇာ မင်းကြီးစွာသည် ရာဇဓာတုကလျာကို များစွာမေတ္တာညွှတ်လျက် ရှိလေသည်။ စင်စစ်သော်ကား မင်းကြီးစွာသည် ရာဇဓာတုကလျာနှင့် အရီးတော်စပ်သည်။ သို့ပင်မေတ္တာတော်ညွှတ်ခဲ့သော်လည်း ရာဇဓာတုကလျာကမူ များစွာနှစ်သက် ဟန် မတူချေ။ အကြောင်းမူကား မင်းသ္မီးသည် ခမည်းတော်နတ်ရွာစံသည့်နေ့မှစ၍ စိတ်ချမ်းသာတော် မမူရှာဘဲ ရတနာ သုံးပါးကိုသာ ဆည်းကပ်ခိုလှုံ၍ အဓိဋ္ဌာန်ဆောက်တည်လျက် ရှိတော်မူသည်။
သက္ကရာဇ် ၉၄၈-ခုနှစ်တွင် ငါးဆူဒါယကာမင်းသည် ဟံသာဝတီနေပြည်တော်တွင်မရှိခိုက် မဟာဥပရာဇာ မင်းကြီးစွာသည် အရီးတော် ရာဇဓာတုကလျာကို အနိုင်အထက်ပြု၍ သိမ်းမြန်းတော်မူလေသည်။ ရာဇဓာတုကလျာကို အိမ်ရှေ့မင်း မသိမ်း မြန်းမီ အခါကပင် မင်းသ္မီးသည် တောင်ငူရွှေနန်းတည်မင်း၏ သားတော်ကြီး နတ်သျှင်နောင်နှင့် ရည်ငံကြဟန်တူသည်။
သက္ကရာဇ် ၉၅၃-ခုနှစ်တွင် ခမည်းတော် ငါးဆူဒါယကာမင်းက သားတော်ကြီးဥပရာဇာကို စစ်သည်တော် အလုံးအရင်းနှင့် ယိုးဒယားကို ချီတက်တိုက်ခိုက်စေသည်။ တပ်ဖွဲ့ရာတွင် နတ်သျှင်နောင်ကိုလည်း တောင်ငူတပ်ကိုကွပ်ကဲစေ၍ ယိုးဒယား သို့ ထည့်တော်မူသည်။ သက္ကရာဇ် ၉၅၄-ခုနှစ်တွင် ယိုးဒယားတပ်နှင့် အိမ်ရှေ့မင်းတပ်တို့ တွေ့ကြရာ တဘက်နှင့်တဘက် အပြင်းအထန် ထိုးခုတ်ကြစဉ် အိမ်ရှေ့မင်းသည် ရန်သူလက်နက်ထိမှန်၍ ဆင်ထက်မှ ကျဆုံးသည်။ အိမ်ရှေ့မင်းကျဆုံး လျှင် နတ်သျှင်နောင် ကွပ်ကဲသော တောင်ငူတပ်က မီလာ၍ အပြင်းအထန် ခုခံဖိနှိပ်သော်လည်း အရေးတော်မအောင် သောကြောင့် ဆုတ်ခွာလာခဲ့ရသည်။ (ရန်သူ့လက်နက်ဖြင့် အိမ်ရှေ့မင်း ယိုးဒယားတွင်ကျဆုံးရသည်ကိုပင် နတ်သျှင်နောင် သည် ရာဇဓာတုကလျာနှင့်ပတ်သက်၍ အငြိုးရှိသည့်အတိုင်း ကောက်ကျစ်စဉ်းလဲစွာ ဥပါယ်တံပျဉ်ဖြင့် အိမ်ရှေ့မင်းကို အနိစ္စရောက်စေသည်ဟု အချို့သူတို့ စွပ်စွဲကြကုန်သည်။)
အိမ်ရှေ့မင်းနတ်ရွာစံ၍ ရာဇဓာတုကလျာသည် အသက် ၃၃ နှစ်တွင် မုဆိုးမ ဖြစ်ရရှာသည်။ အိမ်ရှေ့မင်းနှင့် သားသမီး မမြင်ချေ။ ရာဇဓာတုကလျာ မုဆိုးမအဖြစ်နှင့် ရှိစဉ် နတ်သျှင်နောင်သည် ရှေးကမေတ္တာထားရင်းအတိုင်း ဆက်သွယ်ဟန် တူသည်။
မှတ်ချက်။ ။ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသ္မီးတို့ ရည်ငံလျက်ရှိကြောင်းကို တောင်ငူမှ အဝသို့ပါသွားသော စာဆို ရှင်သံခိုက “သာလွတ်ထွတ်တင်” ချီရတု၊ “ပြာထွတ်မွတ်စင်၊ နောင်သာကြင်သား၊ ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လျစ်၊ ဆယ်ကျော်နှစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည်နှောင်မူ” …
အစရှိသည်ဖြင့် စောင်းချိပ်ဖွဲ့ဆိုထားသည်ကို အိမ်ရှေ့ဥပရာဇာ ရိပ်မိသိရှိတော်မူ၍ အမျက်တော်ရှိသည်တွင် ပြည် ငထင်ကျော် လျှောက်ကြားစေ့စပ်မှ ချမ်းသာပေးတော်မူကြောင်းနှင့် ပညာရှိတို့ မှတ်သားချက်တွေ့ရသည်။
သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူရွှေနန်းတည်မင်းသည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူရာတွင် သားတော်ကြီး နတ်သျှင်နောင်ကို အိမ်ရှေ့အရာ ပေးတော်မူ၍ ရည်ငံရင်းဖြစ်သော ရာဇဓာတုကလျာနှင့်လည်း စုံဘက်တော်မူသည်။ ထိုအခါက ရာဇာဓာတုကလျာ၏ အသက်မှာ ၄၃-နှစ် ရှိလေပြီ။
စင်စစ်အားဖြင့် ရာဇဓာတုကလျာသည် နတ်သျှင်နောင်၏ အရီးတော်သည်။ နတ်သျှင်နောင်သည် မင်းသ္မီးကို များစွာ ယုယ မြတ်နိုးသည်။ သို့သော် ကြာရှည်လေးမြင့်စွာ ပေါင်းသင်းဆက်ဆံခြင်း မပြုကြရပေ။ အကြောင်းမူကား နတ်သျှင်နောင်နှင့် ရာဇာဓာတုကလျာတို့ကို စုံဘက်ပေးသော သက္ကရာဇ် ၉၆၄-ခုနှစ်တွင်ပင် ရာဇဓာတုကလျာ ကွယ်လွန်သည်ဟု ရာဇဝင် များတွင် ဆိုသည်။ နတ်သျှင်နောင်မင်းသားသည် ရာဇဓာတုကလျာအား မုဆိုးမအဖြစ် အသက် ၄၀-ကျော်အရွယ်မှာပင် မေတ္တာတော် ညွှတ်လျက်ရှိနေသေးသည်ကို ထောက်သော် မင်းသ္မီးသည် ထူးထူးချွန်ချွန်ပင် တင့်တယ်လှပဟန်တူသည်။ နတ်သျှင်နောင်၏ “တင့်လှပေဟန်” ချီ သစ္စာတိုင်ရတုကိုထောက်၍လည်း ဤထင်မြင်ချက်ကို ခိုင်လုံသည်ဟု ဆိုရပေမည်။ သို့တည်းမဟုတ် နတ်သျှင်နောင်သည် ရာဇဓာတုကလျာအပေါ်၌ အချစ်ဇွဲသန်သူတယောက်ဖြစ်သည်ဟူ၍လည်း ဆိုနိုင်ပေ တော့သည်။
နတ်သျှင်နောင်နှင့် သင့်မြတ်သဖြင့် သားတော် သ္မီးတော် မထွန်းကားချေ။ ရာဇဓာတုကလျာသည် များစွာ ကံဆိုးရှာသော မင်းသ္မီးဖြစ်သည်။ တပင်တိုင်နန်းနှင့် ဟံသာဝတီတွင် စံမြန်းရစဉ်ကလည်း များစွာစိတ်ချမ်းမြေ့ခြင်းမရှိဘဲ အိမ်ရှေ့မင်း၏ ရန်ကို အဖန်ဖန်စိုးရွံ့၍ နေရဟန်တူသည်။ မင်းသ္မီးသည် ရတနာသုံးပါးကို များစွာ ကိုင်းရှိုင်းသည့်ပြင် နှလုံးသိမ်မွေ့လှသည်။ ကဗျာဗန္ဓဖွဲ့ဆိုခြင်း၌လည်း ကျွမ်းကျင်လိမ္မာသည်လှသည်။ နတ်သျှင်နောင်မင်းသားကို ရည်မှန်း၍ ထိုမင်းသ္မီးဖွဲ့ဆိုခဲ့သည်ဟု အယူရှိကြသော အောက်ပါရတုပိုဒ်စုံကို စာအုပ်စာတမ်းများ၌ တွေ့ရသည်။
ရာဇဓာတုကလျာ ဖွဲ့ဆိုသည်ဟု ယူဆဘွယ်ဖြစ်သော ရတုပိုဒ်စုံ
ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား … ။
မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား … ။
မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား … ။
———-
Comment #3
သေချာတော့သမိုင်းကိုနားမလည်ပေမဲ့…….နတ်သျှင်နောင်ကငယ်မှာပဲနော်…..
ဆကိလက်ပီးစုစောင်းထားတာရှိရင်ဖော်ပြပေးပါရှင်.
Comment #4
ရာဇဓာတုကလျာ နဲ့ နတ်သျှင်နောင်ဟာ ၁၉ နှစ်ကွာပါတယ်။
ရာဇဓာတုကလျာ ၃၃ နှစ် မှာ နတ်သျှင်နောင်ဟာ ၁၄ နှစ် သားပါ။
စုဆောင်းဖော်ပြပေးတဲ့ harry ရေ ကျေးဇူးပါ။
Comment #5
ရှင်သံခိုပြောတဲ့ ဆယ်ကျော်နှစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည်နှောင်မူ ဆိုတာ ရဝေရှင်ထွေးကိုပြောတာဖြစ်မယ်။ နတ်သျှင်နောင်နဲ့ ရှင်ထွေးက ငယ်ငယ်တဘ်းကသိတာ။ ရှင်သံခိုနဲ့အတူ အင်းဝကို ခေါ်သွားခံရတော့့ လမ်းမှာ ရဝေရှင်ထွေးပြောတဲ့အကြောင်းကိုရေးထားတာဖြစ်မယ်.
Comment #1
thanks for posting this history…… very interesting….