နတ်သျှင်နောင်နှင့် နဝဒေးကြီး
နတ်သျှင်နောင်နှင့် နဝဒေးကြီး
”စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေး” ဟူ၍ အမည်နာမမွှေးခဲ့သော တောင်ငူခေတ် နဝဒေးကြီးသည် နတ်သျှင်နောင်ထက် အနှစ် ၃၀-ခန့် စာဆိုဦးလေသည်။ ထို နဝဒေးကြီးသည် ရတုပေါင်း ပုဒ်ရေ ၃၀၀-နည်းပါးခန့်ကို စီကုံး ဖွဲ့နွဲ့ခဲ့လေသည်။ နဝဒေးကြီးသည် နှလုံးရည်၊ လက်ရုံးရည်ဖြင့် အမှုတော်ထမ်းခဲ့သည့်ပုဂ္ဂိုလ်ဖြစ်၍ ရေးသားဖွဲ့နွဲ့သော ရတု များမှာ အဘက်ဘက်က စုံလင်လှပေသည်။ စစ်သားဘဝနှင့်ရှိစဉ် မြန်မာပြည်အရပ်ရပ်သို့ လှည့်လည်ခဲ့ဘူးသည်ဖြစ်သော ကြောင့် ဒေသန္တရဗဟုသုတ လောက်ငကြွယ်ဝလေသည်။ ထိုကြောင့် ဘုရားတိုင်ရတုများကို အမျိုးမျိုး အတင်တင် ဖွဲ့နွဲ့နိုင် ပေသည်။ စစ်သားဖြစ်ခဲ့ဘူးခြင်းကြောင့်လည်း ရေးသားဖွဲ့နွဲ့အပ်သော စစ်ချီရတုများသည် များစွာမှပင် စိတ်ကိုထိခိုက်လှပေ သည်။ စင်စစ်အားဖြင့် နဝဒေးကြီးသည် နတ်သျှင်နောင်၏ နည်းမှီရာဆရာဖြစ်တော့သည်။ ရတုတည်းဟူသော လမ်းကြီးကို အကြမ်းထည် စတင်တီထွင်သူကား နဝဒေးကြီးပင်ဖြစ်သည်ဟု ဆိုထိုက်ပေသည်။ နတ်သျှင်နောင်ကား နဝဒေးကြီး၏ ခင်းလက်စဖြစ်သောလမ်းမကြီးကို ပြေပြစ်ချောမောအောင် မွမ်းမံပြင်ဆင်သူပင်ဖြစ်ပေသည်။ နတ်သျှင်နောင်သည် နဝဒေး ကြီး ဖွဲ့ဆိုထားခဲ့သည့် ရတုများအနက် ကောင်းနိုးရာရာတို့ကို အတုယူပြီး ယဉ်ကျေးဆန်းပြားအောင် တခမ်းတနား ဖွဲ့နွဲ့ ပြန်သည်။
”လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်၊ သုတ်သင်ကာမျှ၊ လွယ်ကာရ” ဟူဘိသို့ နဝဒေးကြီး ထွင်ခဲ့သော လမ်းရိုးကို သုတ်သင် ပြင်ဆင်၍ လိုက်လာသူဖြစ်သော နတ်သျှင်နောင်မှာ မပင်မပန်းရဘဲနှင့် စာဆိုကျော် တံခွန်စိုက်အဖြစ်ကို ရောက်ရပေသည်။ နဝဒေးကြီး၏ စာများအတွင်းမှ အတုယူ၍ ဖွဲ့နွဲ့ထားသော ရတုများကို သက်သေအဖြစ်ဖြင့် အများအပြားပြနိုင်ပါသော်လည်း ”လမ်းဟောင်းထွင်ရိုး၊ သူ့ကိုကိုး၊ စာခိုးမဆိုသာ” ဟု ပညာရှိများ ယူဆထားပါသောကြောင့် နတ်သျှင်နောင်ကိုလည်း စာခိုး ဟု မစွပ်စွဲနိုင်ပေရာ။
နဝဒေးကို “လက်ျာပတ်လည်” ချီ ငှက်သိုက်ဘုရားတိုင် ရတုတွင် …
”ထက်ပြည်မြင့်ဖျား၊ ခြောက်ဘုံသားဝယ်၊ စံထားကိုချည်း၊ ရွေးခဲ့ဆည်း၍၊ ဆွေ့နည်းတို့မှာ၊ ပြိုင်တုံလာလည်း၊ သော်တာဘုန်းကြွယ်၊ ပကြိုက်ငယ်၌၊ ကြယ်နှယ်သာပင်၊ ရှိလိမ့်ထင်ရှင့်” ဟူ၍ စပ်ဆိုထားသည်။
နတ်သျှင်နောင်က “ရှစ်ဆိုင်ရွက်ကြာ” ချီ ရတုတွင် …
”နှစ်ပြိုင်ဘက်ရာ၊ ဝတိံသာက၊ စံရာစံထား၊ ရွေးခဲ့ခြား၍၊ သိကြားတမျှ၊ ပြိုင်လှာသလည်း၊ သော်တာ့ရောင်တွင်၊ ကြယ်နှယ်ထင်ဟု၊ သခင်ကကို၊ ဖျားမိန့်ဆိုလိမ့်” ဟူ၍လည်းကောင်း၊
နဝဒေးကြီးဖွဲ့ဆိုခဲ့သည့် “ချောင်းမမွေရှင်” ချီ ဘုရားတိုင်ရတုကို လိုက်၍ နတ်သျှင်နောင်ကလည်း “ချောင်းမမွေတော်” ချီ၍ ရတုတပုဒ်ကို ဖွဲ့နွဲ့ပြန်သည်။ ထိုရတု အဖျားချတွင်လည်း နဝဒေးကြီး၏ “မော်ဓောမွေရှင်” ချီ ရတုအချမျိုးကို တသဝေမတိမ်း လိုက်၍ ယမကချနည်းကို ဖွဲ့နွဲ့ထားပြန်သည်။
ထိုနောက် မိုဃ်းတောစစ်ချီရတု အများအပြားတို့တွင်လည်း နတ်သျှင်နောင်သည် နဝဒေး၏အာဘော်ကို အတုယူသည်သာ များသည်ဖြစ်သောကြောင့် အကယ်၍ နဝဒေးကြီးသာ မပေါ်ပေါက်ခဲ့ပါက နတ်သျှင်နောင်သည် စာဆိုကောင်းတယောက် ဖြစ်မည်ဟု မုချမဆိုနိုင်ပေရာ။
”အကြံတူ နောက်လူကောင်းစမြဲ” ဖြစ်သည့်အတိုင်း ထိုအကြံတူသူ ရတုစာဆိုနှစ်ဦးတို့အနက် နောက်လူမျှဖြစ်သော နတ်သျှင်နောင်က နဝဒေးကြီးထက် သာသည်ဟု ဆိုဘွယ်ရာသာ ဖြစ်တော့သည်။
စင်စစ်သော်ကား … ထိုစာဆိုနှစ်ဦးတို့မှာတမျိုးစီကောင်းကြသည်ဟုဆိုရပေမည်။ ဘုရားတိုင်ရတုများတွင် နဝဒေးကြီးသည် အဖွဲ့ခံဖြစ်သော ဘုရား၏သမိုင်းတိုကလေးများကို ပါအောင် ဖွဲ့ဆိုနိုင်သည်သာမက ဘုရားစေတီများကိုလည်း တဆူနှင့် တဆူ ထပ်တူမဖြစ်ရအောင် ဖွဲ့ဆိုခဲ့သည်။ ဤသည်ကိုထောက်လျှင် ဘုရားတိုင်ရတုများတွင် နဝဒေးကြီးက ပိုမိုစေ့စပ်သည် ဟု ဆိုရပေမည်။
နဝဒေးသည် နတ်သျှင်နောင်ကဲ့သို့ အလွမ်းသမားလည်းမဟုတ်၊ အချစ်နှောင်ကြိုးတည်းခြင်းခံနေရသူလည်း မဟုတ်သော ကြောင့် အလွမ်းဘွဲ့၊ မြှောက်ပင့်ဘွဲ့၊ သစ္စာတိုင်ဘွဲ့များတွင် နတ်သျှင်နောင်က နဝဒေးထက် အနည်းငယ်သာသည်ဟု ဆိုဘွယ်ရာဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်သူလည်းဖြစ်သည်။ ရာဇဓာတုကလျာနှင့်လည်း ရည်ငံစဖြစ်ပြန်သည့် အတွက် မိမိဖွဲ့ဆိုအပ်သော ရတုကဗျာတို့တွင် အတွင်းစိတ်ဓာတ်၏ ဖေးမကူညီချက်ကြောင့် ဇမ္ဗူတွင် ထင်ရှားသောစာဆို အဖြစ်သို့ ရောက်ရလေတော့သည်။
ကျေးစေရတုများတွင်လည်း နတ်သျှင်နောင်က နဝဒေးထက် ဉာဏ်ရည်သာသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့် ဆိုသော် နဝဒေးကဲ့သို့ ကျေးတမန်ကို ရိုးရိုးစေခိုင်းခြင်းမပြုဘဲ ကုလီသဘင်ပွဲသို့လွှတ်၍ ကြည့်စေခြင်း၊ ကုလီပွဲကို စိတ်ဝင် စားဘွယ်ဖြစ်အောင် ရေးသားနိုင်ခြင်း၊ ထိုးကွင်း ရှိ၊မရှိသိရအောင် မောင်တော်မင်းသားထံသို့ ကျေးကိုစေလွှတ်မေးမြန်းဟန် ဖွဲ့ဆိုခြင်းကိုထောက်လျှင် နတ်သျှင်နောင်သည် နဝဒေးထက် ပိုမို၍ စိတ်ကူးဆန်းကြယ်သည်ဟု ယူဆဘွယ်ဖြစ်လေသည်။
ဤ ရတုစာဆိုနှစ်ဦးတို့မှာ တမျိုးစီကောင်းကြ၍ တဖုံစီ အဆန်းထွင်ကြသော ပဌမတန်းစား စာဆိုပညာရှိများ ဖြစ်ကြသည့် အတွက် ထိုပုဂ္ဂိုလ်နှစ်ဦးတို့၏ ဉာဏ်ရည်ကို အတိအကျ နှိုင်းယှဉ်ဝေဘန်နိုင်ရန် များစွာခဲယဉ်းပါသည်။ သုတေသီပုဂ္ဂိုလ်တို့ ကလည်း ထိုစာဆိုနှစ်ဦးတို့၏ ရေးဖွဲ့အပ်သော စာပေအဆီအနှစ်တို့ကို အတော်အတန်ကြည့်ရှုနာကြားရရုံနှင့် အားရ တင်းတိမ်ခြင်း မဖြစ်စေမူ၍ တအုပ်တစောင်လုံးကို စေ့စပ်သေချာ ဘတ်ကြားမှတ်သားပြီးမှ ထိုပညာရှင်နှစ်ဦးတို့၏ ဉာဏ်စွမ်း ဉာဏ်ရည်ကို အကဲဖြတ်သင့်ပေသည် ဟု ဆင်ခြင်မိပေတော့သတည်း။
မောင်ချမ်းမြ
၁၃၁၅-ခုနှစ်၊ ပဌမဝါဆိုလဆန်း ၄-ရက်။
———