လွင့်စင်သွားခဲ့သော စစ်တုရင်ရုပ်လေးများ – ဒီရေလှိုင်း
သူ့မျက်နှာပြင်ကြီးတစ်ခုလုံး နီမြန်းနေပြီး နှုတ်ခမ်းဖျားက တဆတ်ဆတ်တုန်နေသည် ။ သူ့သက်ပြင်းရှိုက်သံကိုလည်း ကျယ်လောင်စွာ
် ကြားနေရသည် ။ ကျွန်တော့်မျက်လုံးများကား ကစားနေသော စစ်တုရင် ရုပ်လေး များဆီသို့သာ ရောက်နေသည် ။ ကျွန်တော့၏ ကစားကွက်ထဲတွင် သူ့ဘုရင်ကြီးမှာ မလူးသာမလွန့်သာဖြစ်နေသည် ။ ထိန်းချုပ်ထားခဲ့သော ကျွန်တော့ အရုပ်လေးများကြောင့် သူ့ ဘုရင်ကြီးမှာ လှုပ်ရှားစရာ တကွက်သာ ကျန်တော့သည် ။
ရွှေ့ကွက်တစ်ကွက်ကို ကျွန်တော် စဉ်းစားမိလိုက်သည် ။
ဒီတကွက်ရွှေ့လိုက်ရင်ဖြင့် သူ့ဘုရင်ကြီး ပြေးနိုင်တော့မည်မဟုတ် ။
သူဘုရင်ကြီး၏ ကျရှုံးခန်းကို ရောက်ခဲ့ပြီ ။
မကြာမီ ပွဲသိမ်းတော့မည် ။
အောင်မြင်ခြင်းနှင့် ကြုံကြိုက်ရတော့မည် ။
ပွဲသိမ်းကွက်ကို ရွှေ့ရန် ကျွန်တော်ဟန်ပြင်လိုက်စဉ်မှာပင်
ဟန်းဖုန်းကို သူ ရုတ်တရက်ကောက်ကိုင်လိုက်သည် ။
အရေးတကြီးဟန်ဖြင့် ကျွန်တော့ကို အန်ကယ်ဖုန်း
ခဏဆက်မယ် ဟုပြောရင်း
သူ ထထိုင်လိုက်သည် ။
သူကိုယ်က လှုပ်ရှားသွားစဉ် သူ့လက်တစ်ဖက်က
စစ်တုရင်ကွက်ကို အမှတ်တမဲ့ဟန်ဖြင့် ထိလိုက်မိသည် ။
သွားပါပြီ ။ စစ်တုရင် ကွက်လေးသည် သူ့လက်အရှိန်ကြောင့်
လှုပ်ရမ်းသွားခဲ့သည် ။
စစ်တုရင်ရုပ်ကလေးများက စားပွဲခုံပေါ်တွင်
တစ်စစီလွင့်စင်သွားခဲ့ပါပြီ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခုတစ်လော ရာသီဥတုဘေးအန္တရာယ် အမျိုးမျိုးကြောင့် လူသားများစွာတို့ ဒုက္ခ ပေါင်းစုံနှင့် ကြုံတွေ့နေရသော သတင်းများကို အဆက်မပြတ် ကြားနေရသည်မှာ စိတ်ချမ်းသာမှုနည်းနည်းမှ မရှိခဲ့ ။မာယာများသော နွေကလည်း ခိုက်ခိုက်တုန်အောင် အေးလွန်းနေသေးတော့သည် ။ ဒီကြားထဲ ကျန်းမာရေးကလည်း အမျိုးမျိုး ဒုက္ခပေးနေပြန်တော့ ကဗျာ အသစ် အနုပညာအသစ်များဖန်တီးဖို့
စိတ်မညွတ်မိ ။ အတိတ်ကာလများဆီသို့ အပြန်ပြန်သွားနေမိတော့သည် ။ အဟောင်းထဲ၌သာ တ၀ဲလည်လည်ဖြစ်နေမိသည် ။
ပြီးခဲ့သော အချိန်များဆီက မေ့မရနိုင်သော အဖြစ်အပျက်များကလည်း ရင်ထဲသို့ အတင်းပင်တွန်းဝှေ့ဝင်ရောက်လာမိသည် ။ ထိုအတွေးများစွာထဲမှ ယနေ့တိုင်မေ့မရခဲ့သောအဖြစ်အပျက်လေးတစ်ခုကို ပြန်လည်စဉ်းစားဆင်ခြင်မိခဲ့ရာ ————————
ကြာတော့လည်းကြာခဲ့ပါပြီ ။ ကျွန်တော်ဆယ်တန်းစာမေးပွဲဖြေဆိုထားပြီးစ အချိန်
ဖြစ်ပါသည် ။ အားလပ်သော အချိန်တွင် အပြင်သို့လုံးဝမထွက်ပဲ အိမ်တွင်းအောင်း
ကာ စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် သည်းသည်းမဲမဲ ဖတ်နေသော ကျွန်တော့ကို
လေးလေး(ကျွန်တော့ဦးလေး)က အမြင်ကပ်လာသည်ထင့် ။ လက်ရွေးစင်အဆင့်
စစ်တုရင်သမားတစ်ဦးကို အိမ်သို့ခေါ်လာကာ စစ်တုရင်ကစားနည်းကို အခြေခံမှစ၍
သင်ကြားလေ့လာစေခဲ့ပါသည် ။ ဥာဏ်ရည်သုံးရသော ကစားနည်းများကို ၀ါသနာပါ
လွန်းသော ကျွန်တော့်အတွက်တော့ အပျော်ကြီးပျော်ခဲ့ပါသည် ။ ဆရာကလည်း
ကျွန်တော့၏ ၀ါသနာနှင့် စိတ်ပါဝင်စါးမှုကိုသိ၍ စေတနာကိုအရင်းခံကာ
သူတတ်ထားသမျှတို့ကို အိတ်သွန်ဖာမှောက် အကုန်သင်ပေးခဲ့ပါသည် ။ စစ်တုရင်
ကစားသူတိုင်း မလွဲမသွေ သိသင့်သိထိုက်သော
အဖွင့်ပိုင်း နည်းဗျူဟာ ( Opening )
ကစားသော အရှိန်အတက်အကျ ( Tempo )
အဆုံးသတ်ပိုင်း ( Fnishing )
တို့ကို နာမည်ကျော် စစ်တုရင်သမားတို့၏ ရွှေ့ကွက်များဖြင့် သင်ကြားပေးခဲ့ရာ
ကျွန်တော်ကလည်း အထူးစိတ်ဝင်တစားသင်ယူခဲ့သဖြင့် နွေရာသီကျောင်းပိတ်ရက်
အတွင်းတွင်ပင် အတော်အသင့်တတ်မြောက်ခဲ့ပြီဖြစ်ပါသည် ။ ထို့ကြောင့် တခုခုကို
စိတ်ဝင်စားမိလျှင် အရူးအမူး စူးစူးနစ်နစ်လုပ်တတ်သောကျွန်တော့ဝါသနာကြောင့်
နံနက်မိုးလင်းသည်နှင့် စစ်တုရင်အရုပ် ၊ အကွက်များကိုယူဆောင်ကာ အိမ်နှင့်
နီးသော Taxi ဂိတ်သို့သွား၍ တွေ့သမျှလူနှင့် တစ်နေကုန်နီးပါး စစ်တုရင်ကစား
နေခဲ့ပါသည် ။ ထိုသို့ကစားရာရင်းနှင့်ပင် တက္ကသိုလ်တက်ရမည့်နေ့ရက်များကား
တစ်စစ နီးကပ်လာခဲ့ပါသည် ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXx
တစ်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အပြင်ထွက်ချင်သောစိတ်
မရှိ၍ ကျွန်တော်သည် အိမ်ရှေ့ဧည့်ခန်းထဲတွင် စစ်တုရင်အကွက်ပေါ်တင် အရုပ်
လေးများ စီ၍ စာအုပ်ထဲမှ ကစားကွက်များကို မိမိတစ်ဦးတည်းလေ့ကျင့်ကစား
နေမိပါသည် ။ ထိုစဉ်တွင် ကျွန်တော့ လေးလေးသည် သူ့မိတ်ဆွေ တစ်ဦးနှင့်အတူ
အိမ်သို့ ပြန်လာခဲ့ပါသည် ။ ထိုမိတ်ဆွေကြီးမှာ ကျွန်တော့လေးလေးနှင့် တစ်ရုံးထဲ လုပ်ဖော်ကိုင်ဖက်အရာရှိတစ်ဦးဖြစ်၍ အိမ်သို့ မကြာမကြာလေးလေးနဲ့ လိုက်ပါ လာတတ်သူလည်းဖြစ်သည် ။ ကျွန်တော် တစ်ဦးထဲ စစ်တုရင်ကစားနေသည်ကိုမြင်သောအခါ အန်ကယ်ကြီးက ကျွန်တော့အား သူနှင့် စစ်တုရင်တစ်ပွဲလောက်
ကစားကြည့်မလားဟုမေးပြီး သူလည်း ဌာနဆိုင်ရာအဆင့် ချန်ပီယံတစ်ဦးဖြစ်
ကြောင်း ဆက်လက်ပြောဆိုခဲ့ပါသည် ။ ကစားရမည်ဆိုလျှင် လူမရွေးတတ်သော
ကွန်တော်ကလည်း သူနှင့် ကစားရန်သဘောတူခဲ့ပါသည် ။
စပြီး ကစားရန် ပြင်ဆင်ကြပါပြီ ။ ပြိုင်ပွဲစည်းမျဉ်းနှင့်အညီ ကစားကြရန်
သဘောတူပြီးဖြစ်၍ ကစားမည့် အရုပ်များကို ရွေးချယ်ကြရာ သူက အဖြူရုပ်
ကိုင်ဆောင်ခွင့်ရပြီး စတင်ကစားရမည်ဖြစ်ပါသည် ။
XXXXXXXXXXXXXXXXXXXXXXXXXXXX
စတင်ကစားသည်နှင့် သူက အဆက်မပြတ်တိုက်စစ်ဆင်ဖွင်ကစား
ပါတော့သည် ။ သူကား တိုက်စစ်ဦးစားပေးကစားတတ်သောဖိုက်တာပလေယာ
မှန်းကျွန်တော်သိလိုက်ရ၍ ခံစစ်ကို စနစ်တကျ တည်ဆောက်ရင်း ခုခံရင်းနှင့်သာ
အချိန်ကုန်နေခဲ့ပါသည် ။ သူသည် တိုက်စစ်ကိုအလွန်အကျွံကစား၍ ခံစစ်ကို
စနစ်တကျတည်ဆောက်မှုမျိုး မပြုလုပ်နိုင်သည်ကို ကျွန်တော်အကဲခတ်မိခဲ့သည်။
ထို့အပြင်သူသည် ကစားကွက်နှင့်အနိုင်ယူတတ်သော ကစားသမားမဟုတ် ။
အင်အားဖြင့်ဖိ၍ မိမိအင်အားသာချိန်တွင် အနိုင်ယူလေ့ရှိသော ကစားသမား
ဖြစ်မှန်းကိုလည်း တွက်ဆမိလိုက်သည် ။ ထို့ကြောင့် ကျွန်တော်သည် ကစားကွက်
အရှိန် (Tempo) ကိုချပြီး သူ့အားနည်းချက်ကို စူးစိုက်ရှာဖွေနေမိသည် ။ သူသည်
တစ်ဖက်သူ၏ အရုပ်များကို ဂရုမပြုဘဲ လောဘတကြီးစားတတ်သူတစ်ယောက်ဖြစ်
ကြောင်းကိုလည်း ကစားရင်းနှင့်ကျွန်တော့သိလာခဲ့သည် ။ထို့ကြောင့် ကျွန်တော်
သည် သူ့အားမက်လုံးပေး၍ မိမိ၏ နယ်ရုပ်လေးများကိုစတေးပြီး သူ အင်အားကြီး အရုပ်များ ကိုဖြိုနိုင်ခဲ့ပါသည် ။ ကြာလာသော သူသည် ကျွန်တော့၏ စနစ်ကျလှ
သောကစားကွက်တွင်းသို့ သက်ဆင်းခဲ့ရပါသည် ။ ကစားနေရင်း သူ့မျက်နှာကို
တစ်ချက်အကဲခတ်ကြည့်ရာ
သူ့မျက်နှာပြင်ကြီးတစ်ခုလုံး နီမြန်းနေပြီး နှုတ်ခမ်းဖျားက တဆတ်ဆတ်တုန်နေသည် ။ သူ့သက်ပြင်းရှိုက်သံကိုလည်း ကျယ်လောင်စွာ
် ကြားနေရသည် ။ ကျွန်တော့်မျက်လုံးများကား ကစားနေသော စစ်တုရင် ရုပ်လေး များဆီသို့သာ ရောက်နေသည် ။ ကျွန်တော့၏ ကစားကွက်ထဲတွင် သူ့ဘုရင်ကြီးမှာ မလူးသာမလွန့်သာဖြစ်နေသည် ။ ထိန်းချုပ်ထားခဲ့သော ကျွန်တော့ အရုပ်လေးများကြောင့် သူ့ ဘုရင်ကြီးမှာ လှုပ်ရှားစရာ တကွက်သာ ကျန်တော့သည် ။
ရွှေ့ကွက်တစ်ကွက်ကို ကျွန်တော် စဉ်းစားမိလိုက်သည် ။
ဒီတကွက်ရွှေ့လိုက်ရင်ဖြင့် သူ့ဘုရင်ကြီး ပြေးနိုင်တော့မည်မဟုတ် ။
သူဘုရင်ကြီး၏ ကျရှုံးခန်းကို ရောက်ခဲ့ပြီ ။
မကြာမီ ပွဲသိမ်းတော့မည် ။
အောင်မြင်ခြင်းနှင့် ကြုံကြိုက်ရတော့မည် ။
ပွဲသိမ်းကွက်ကို ရွှေ့ရန် ကျွန်တော်ဟန်ပြင်လိုက်စဉ်မှာပင်
ဟန်းဖုန်းကို သူ ရုတ်တရက်ကောက်ကိုင်လိုက်သည် ။
အရေးတကြီးဟန်ဖြင့် ကျွန်တော့ကို အန်ကယ်ဖုန်း
ခဏဆက်မယ် ဟုပြောရင်း
သူ ထထိုင်လိုက်သည် ။
သူကိုယ်က လှုပ်ရှားသွားစဉ် သူ့လက်တစ်ဖက်က
စစ်တုရင်ကွက်ကို အမှတ်တမဲ့ဟန်ဖြင့် ထိလိုက်မိသည် ။
သွားပါပြီ ။ စစ်တုရင် ကွက်လေးသည် သူ့လက်အရှိန်ကြောင့်
လှုပ်ရမ်းသွားခဲ့သည် ။
စစ်တုရင်ရုပ်ကလေးများက စားပွဲခုံပေါ်တွင်
တစ်စစီလွင့်စင်သွားခဲ့ပါပြီ ။
သူကားအရေးကြီးကိစ္စရှိလေဟန်ဖြင့် ကျွန်တော့်အား
အင်း ………..ဒီပွဲကိုသရေလို့သတ်မှတ်ထားလိုက် နောက်ကြုံရင် အန်ကယ်
နဲ့ဆက်ကစားမယ်ဟုတ်ပြောဆိုနှုတ်ဆက်၍ အိမ်ပြင်သို့ ကသုတ်ကရုတ်ထွက်ခွာ
သွားခဲ့သည် ။ သူထွက်သွားသောအခါ အတွေးများစွာ သင်ခန်းစာယူခြင်းများစွာဖြင့် ကျွန်တော်ကျန်နေခဲ့ပါသည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော်တွေးမိသော အတွေးများမှာ
အင်အားသုံး၍ အနိုင်ယူတတ်သူကို
ကျွမ်းကျင် စနစ်ကျသော နည်းဗျူဟာသုံး၍ ပြန်လည် အနိုင်ယူနိုင်ကြောင်း
တွေးမိပါသည် ။
မည်သည့်အရာတွင်မဆို မည်သည့်ပညာကိုမဆို အခြေခံမှစ၍ စနစ်တကျ
လေ့လာသင်ယူခဲ့ပါလျှင် မိမိထက်အတွေ့အကြုံရင့်သော သူကို ရင်ဆိုင်
နိုင်ကြောင်း တွေးနေမိပါသည် ။
ပြိုင်ဖက်ဆိုသည်မှာ မိမိ၏ ရန်သူမဟုတ်ကြောင်းနှင့် ထိုပြိုင်ဖက်ကပင်
မိမိ၏ အားနည်းချက် အားသာချက်များကို ထောက်ပြတတ်သော
ကျေးဇူးရှင်တစ်ယောက်ဖြစ်ကြောင်းနှင့် ပြိုင်ဖက်ကောင်းနဲ့ဆုံမှသာ မိမိ၏
အရည်အသွေးတိုးတက်နိုင်ကြောင်း တွေးနေမိပါသည် ။
ကျွန်တော်တို့သည် ဘ၀တွင် မည်သည့်ပြိုင်ပွဲများတွင် ကစားရသည်ဖြစ်စေ
မိမိ၏ အရှုံးကို အပြုံးနှင့်လက်ခံသင့်ကြောင်းနှင့် ထိုအရှုံးမှနေ၍ အောင်မြင်မှု
လမ်းစကို ရှာဖွေရမည်ဖြစ်ကြောင်း တွေးတောနေမိပါတော့သည် ။
Comment #1
i like it.