သာမန်လူသားတဦးရဲ့ ဆန္ဒ
သာမန်လူသားတဦးရဲ့ ဆန္ဒ
အာကရံ ပါကရံနဲ့
ဗာလာနံတွေနဲ့
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။
သူ့နေရာနဲ့ သူ့နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။
ကျမ်းဂန်အသီးသီးက
လမ်းမှန်နည်းတွေကို
ရှာမှီးဝေဖန်ရင်း
အနေကန် မရေမရာကိုခွာ
ဧကန် အဖြေကိုရှာနေသူသာ ဖြစ်တယ်။
ဘဝရဲ့ အတိမ်အနက်ကို
တခဏနဲ့ ချိန်စက်
အိပ်မက်လို ဝိုးတိုးဝါးတားနဲ့
ကိုးယို့ကားယားကို အဟုတ်မှတ်
ရုပ်ဓါတ် နာမ်ဓါတ် မကွဲမပြားနဲ့
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့
ချာတူးလန်လည်း မဟုတ်ပါချေ။
အခွင့်အရေး မြက်တဆုပ်နဲ့
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါ တ,ရတဲ့ လူအညံ့စား
ခန့်ညား ရိုသေဖွယ်မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သား သတ္တဝါ
ပကာသနကို ငတ်ကြီးကျတဲ့
နှပ်ချေးတမျှ ရွံစရာ
လူ့ဗလချာ မဟုတ်ပါ။
ဘဝမှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ၊
အသိပညာ အတတ်ကို ရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်မာဇမ္ဗူမှာ လူကောင်းတယောက်
ကျောက်ကောင်းတစေ့ ဖြစ်ခွင့်ရရင်
ဘဝမှာကျေနပ်
အနေမြတ်တယ်လို့ ယုံမှတ်သူဖြစ်ပါတယ်။
ကိုယ် ကြီးကျယ်ဖို့ထက်
နိုင်ငံကြီးကျယ်ဖို့ အရေးကြီး
ရီးတီးယားတားနဲ့
ဆီးသီးနွားစား နေ့မပါးလိုဘူး
တရားမျှတ၊ လွပ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံ့ဟု
စိတ်နေသန့်သန့်နဲ့
မထိတ်မလန့် နေချင်သူပါ။
ရေမှုတ်ထဲမိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှုမလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံးချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကိုကျော်
ဒိဋ္ဌတရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။
တင်မိုး (ဇန်န၀ါရီ ၂၁၊ ၂၀၀၇။ တနင်္ဂနွေ ညဦး အိပ်ရာဝင်)
ဤ ကဗျာသည် မကွယ်လွန်မီညက ဆရာ နောက်ဆုံး ရေးဖွဲ့ခဲ့သော ကဗျာဖြစ်ပါသည်။
Comment #2
ခုလိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ်…..
Comment #4
အားပေးနေတယ် ဗျာ..။
ကဗျာလေးတွေ အတွေး ကောင်းတယ်…။
Comment #1
ကဗျာကောင်းလေးဖတ်ခွင့်ရသည့်အတွက် ကိုမောင်မောင် လုလင် (ဘိုးတော်ကြီး) အားကျေးဇူးတင်ရှိပါကြောင်း.